ရွှေဟင်္သာ
အစိုးရ တပ်နှင့် တိုက်ပွဲ ဖြစ်ပွား နေဆဲ ဖြစ်ကာ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး အစည်းအဝေး ပွဲသို့ တက်ရောက် နေသည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) ကိုးကန့် အဖွဲ့နှင့် ဆက်စပ်သည့် သတင်းများကို ဖော်ပြခြင်း မပြုရန် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ယနေ့ နေ့စွဲဖြင့် ယာယီ စာနယ်ဇင်း ကောင်စီအား ယနေ့ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
အဆိုပါ အကြောင်းကြား စာ၌ နိုင်ငံတော်မှ မတရား အသင်းအဖြစ် ကြေငြာ ထားသည့် ကိုးကန့် အဖွဲ့၏ လက်ရှိ “ဝ” ထိန်းချုပ် ဒေသ ပန်ဆန်းမြို့၌ ကျင်းပ နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီး အစည်း အဝေး အားလည်း တက်ရောက်လျက် ရှိနေကာ ထိုမှ ထွက်ပေါ် လာသည့် ကိုးကန့် အဖွဲ့၏ သတင်း ထုတ်ပြန်မှု များကို ဖော်ပြခြင်း မပြုရန် တားမြစ်ကြောင်း ပါရှိ ပါသည်။
ထိုသို့ ကိုးကန့် အဖွဲ့နှင့် စပ်လျဉ်း၍ တပ်မတော်၏ သတင်း ကန့်သတ် တားမြစ်မှု ပြုလုပ်ခြင်းသည် ယခု အကြိမ်၌ အပြင်း ထန်ဆုံး တားမြစ်မှု ဖြစ်ပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ များ၌ပင် ထိုသို့ ကန့်သတ်မှု မရှိ ခဲ့ကြောင်း ယာယီ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဦးမြင့်ကျော်က သုံးသပ် ပြောကြားသည်။
“အခြား လက်နက်ကိုင် အဖွဲ့တွေနဲ့ မဆိုင်ဘူး၊ ကိုးကန့် တစ်ဖွဲ့တည်း ကိုပဲ ကန့်သတ် ထားတာ၊ အရင် တခေါက် တုန်းကလည်း ကြေငြာ ဖူးတယ်၊ ကိုးကန့်ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းနဲ့ အင်တာဗျူးရင် အရေး ယူမယ် ဆိုတာမျိုး၊ ဒါပေမယ့် ဒီလောက် မပြင်းထန်ဘူး၊ ပြီးခဲ့တဲ့ KIO နဲ့ တိုက်ပွဲ ဖြစ်စဉ် တုန်းကတောင် KIO ဌာနချုပ်ကို သတင်း ထောက်တွေ သွားလို့ ရသေးတယ်၊ အခု ကိုးကန့်ဆီ သွားဖို့ မပြောနဲ့ ဆက်သွယ် မေးမြန်း တာနဲ့တင် မတရား အသင်း ဆက်သွယ် မှုနဲ့ အစိုးရက ဖမ်းလို့ရတယ်” ဦးမြင့်ကျော်က ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောဆို သွားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအပေါ် အစိုးရမှ ကြေငြာ ထားသည့် မတရား အသင်း ဥပဒေကိုလည်း ရုပ်သိမ်း ပေးခြင်း မရှိသေးသည့် ယခု ကာလ၌ ကိုးကန့် တဖွဲ့ တည်းအား အစိုးရမှ ရွေးချယ်၍ သတင်း ဖော်ပြုခြင်းကို ကန့်သတ်မှု ပြုလုပ် ခြင်းသည် အစိုးရမှ ကိုးကန့် အဖွဲ့အား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အဖြစ် မသတ်မှတ်ပဲ သောင်းကျန်းသူ အဆင့်သာ သတ်မှတ် လိုသည့် သဘောထားအား ဖွင့်ပြ ခြင်းလည်း ဖြစ်ကြောင်း အငြိမ်းစား ဗိုလ်မှူးဟောင်း တဦးကလည်း ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောဆို သွားခဲ့သည်။
“အခု သူရဲ့ ကြေငြာချက်အရ “မတရား အသင်းအဖြစ် ကြေငြာ ထားပြီး ဖြစ်လို့ ဖော်ပြခြင်း မရှိစေရ” ဆိုပြီး ရေးထား တာပေါ့နော်၊ ဒီ့ပြင် အဖွဲ့တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖြစ် သတ်မှတ်တယ်၊ သူ့ကိုတော့ သောင်းကျန်းသူ လို့ပဲ မြင်တော့ တာပေါ့” ဟု အမည်မဖော် လိုသည့် အငြိမ်းစား ဗိုလ်မှူးဟောင်း တဦးက ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောကြားသည်။
ယခု အကြောင်းကြား ထားသည့် အကြောင်းကြား စာကို ဆက်လက်၍ မီဒီယာ အဖွဲ့ အစည်းများအား ဆက်လက် ဖြန့်ဝေ ပေးရန် ယာယီ စာနယ်ဇင်း ကောင်စီအား တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တောင်းဆို ထားပါသည်။
ထိုသို့ အစိုးရမှ မတရားအသင်း ကြေငြာ ထားဆဲ ဖြစ်သည့် ကိုးကန့် အဖွဲ့၏ ထုတ်ပြန် ကြေငြာချက် များအား ရုပ်သံနှင့် ပုံနှိပ် မီဒီယာများတို့၌ ဖော်ပြမှု မရှိ စေရေး အတွက် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ယာယီ စာနယ်ဇင်း ကောင်စီအား အကြောင်းကြားခြင်းလည်း ဖြစ်ကာ ထုတ်လွှင့် ဖော်ပြသည့် မီဒီယာ များကိုလည်း တည်ဆဲ ဥပဒေ အရ အရေး ယူမည် ဖြစ်ကြောင်း ထည့်သွင်း ရေးသား ထားသည်။

No comments:
Post a Comment