Wednesday, May 6, 2015

အစိုးရ အမြဲတမ်း အတွင်းဝန်များ အဖြစ် စစ်အရာရှိဟောင်း အများစုကို ခန့်အပ်

ထက်နိုင်ဇော်

အစိုးရက ၀န်ကြီးဌာနများတွင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် အမြဲတမ်း အတွင်းဝန်များ ခန့်အပ်လျက်ရှိပြီး အတွင်းဝန်အများစုမှာ စစ်တပ် အငြိမ်းစားအရာရှိများဖြစ်နေကြောင်း သိရှိရ သည်။

အစိုးရ၀န်ကြီးဌာန ၂၈ ခုအတွက် အမြဲတမ်း အတွင်းဝန်များ ခန့်ထားခဲ့ရာ အမြဲတမ်းအတွင်းဝန် ၁၆ ဦးသည် စစ်အရာရှိ ဟောင်း များဖြစ်နေပြီး မှန်ကန်မြန်ဆန်သော အစိုးရယန္တရား အကောင် အထည် ဖော်နိုင်ရန် အခက်အခဲများ ရှိနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့ သုံးသပ် ပြောဆိုသည်။

ပို့ဆောင်ရေး၊ စွမ်းအင်၊ ပြန်ကြားရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ၊ ပတ်ဝန်းကျင် ထိန်း သိမ်းရေး နှင့် သစ်တောရေးရာ၊ စက်မှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ သတ္တုတွင်း၊ အလုပ်သမားနှင့် သာသနာရေး ၀န်ကြီး ဌာန အပါအ၀င် ၀န်ကြီးဌာန ၁၆ခုအတွက် ခန့်အပ်သော အမြဲတမ်းအတွင်းဝန်များသည် စစ်တပ်တွင် ဗိုလ်မှူး၊ ဒုတိယ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးကြီး တာဝန် ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

အစိုးရ ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံမှာ ၀န်ကြီး၊ ဒုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ဖွဲ့စည်းပုံနှင့် ၀န်ကြီး၊ ဒုဝန်ကြီးနဲ့ အတွင်းဝန် ဖွဲ့စည်းပုံ ၂ မျိုးရှိရာ ယင်းဖွဲ့စည်းပုံ ၂ ခုကို ရောနှောလိုက်သဖြင့် ၀န်ကြီးဌာနအတွင်း လုပ်ပိုင်ခွင့် အာဏာ ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်ဆိုသော သုံးသပ်မှုများရှိနေသည်။

အုပ်ချုပ်ရေးပိုင်းတွင် တပ်မတော်က ပါဝင်နေခြင်းကို ပြဿနာတရပ်အဖြစ် ရှု့မြင်ပြီး ဆက်လက် မပါဝင် စေချင် တော့ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဒေါ်ခင်စန်းလှိုင်က “အခုက ဘယ်နေရာမှာ ကြည့်ကြည့် အုပ်ချုပ်ရေးပိုင်းမှာ တပ်နဲ့ တပ်က လူတွေ အငြိမ်းစားတွေ ဖြစ်နေတယ်။ တပ်က လူတွေ ၀န်ကြီးဌာနဘက်ကို ပြောင်းလာလို့ ပြဿနာရှိတယ်လို့ သိနေရတယ်။ အခုလည်း အတွင်းဝန် ရာထူးတွေက တပ်အရာရှိဟောင်းတွေ ဖြစ်နေမယ်ဆိုတာ လွှတ်တော်ကို တင်ပြလာတုန်းက မသိခဲ့ရဘူး။ သူတို့က အစိုးရ အပြောင်းအလဲမှာ ဒီလူတွေကို ချန်ထားခဲ့ချင်တာ။ ပြီးတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြချင် နေတာ”ဟု ပြောသည်။

အတွင်းဝန် တချို့မှာ တပ်မတော် အငြိမ်းစားများ ဖြစ်သော်လည်း ၄င်းတို့မှာ လုပ်ငန်းအတွေ့အကြုံနှင့် အစိုးရ အဖွဲ့ အစည်း အတွင်း လုပ်ကိုင်နေသည့် ကိစ္စရပ်များအား သိနားလည်သည့်သူုများ ဖြစ်ကြောင်း၊ စစ်ဘက် အရပ်ဘက် ခွဲခြား ခြင်း မရှိဘဲ အရည်အချင်း ရှိရှိ အလုပ်လုပ်နိုင်သူများကိုသာ ရွေးချယ်ခြင်း ဖြစ်ကြောင်း တပ်မတော် အငြိမ်းစား ဗိုလ်မှူးကြီး ဟောင်း လည်းဖြစ် ပို့ဆောင်ရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်လည်း ဖြစ်သူ ဦးဝင်းဆွေထွန်းက ပြောသည်။

“ကျနော်တို့ကို သုံးနေတဲ့ စာလုံးတခု ရှိတယ်။ မိုးကျရွှေကိုယ်ဆိုတာလေ။ အခုက တပ်ကနေ တိုက်ရိုက် ပြောင်းလာတဲ့ အရင် ပုံစံမျိုး မဟုတ်ပါဘူး။ ကျနော်လည်း တပ်က လာတာပဲလေ။ ကျနော် ၂၀၀၇ ခုနှစ်က တည်းက ပို့ဆောင်ရေး ၀န်ကြီး ဌာနဘက်ကို ညွှန်မှူးအဖြစ်နဲ့ ရောက်လာတယ်။ အဲဒီကနေ ညွှန်မှူးကနေ ဒုညွှန်ချုပ် ဖြစ်တယ်။ ညွှန်ချုပ် ဖြစ်တယ်။ အခု ဒီရာထူးကို ရတယ်”ဟု ဦးဝင်းဆွေထွန်းက ရှင်းပြသည်။

ဝန်ကြီးဌာနအတွင်း လုပ်ငန်းကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ၀န်ကြီးဌာနအချင်းချင်း လုပ်ငန်း ကိစ္စရပ် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အတွက် Focal Person လိုအပ်သဖြင့် အတွင်းဝန်များ ခန့်ထား ဆောင်ရွက် ခြင်း ဖြစ်ကြောင်းလည်း ဦးဝင်းဆွေထွန်းက ပြောသည်။

ယခုကဲ့သို့ ပြည်ထောင်စု အစိုးရအဖွဲ့က အတွင်းဝန်များ ခန့်အပ်မှုနှင့် လစာနှုန်းထားများမှာ ဥပဒေနှင့် မညီဟုပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တချို့က ၂၀၁၅ ခုနှစ် မတ်လ အတွင်းက ကန့်ကွက်ခဲ့သေးသည်။ သို့သော် နောက်ပိုင်း တွင် လွှတ်တော် က ပြန်လည်ခွင့်ပြုပေးခဲ့သည်။

“၀န်ကြီး၊ ဒုဝန်ကြီး ဘယ်သူပဲ ပြောင်းပြောင်း အမြဲတန်းအတွင်းဝန်ကတော့ ၀န်ကြီးဌာနတခုရဲ့ ဦးစီးဦးဆောင်သူ အဖြစ်နဲ့ အမြဲတမ်း ရှိနေမှာပဲ” ဟု ဦးဝင်းဆွေထွန်းက ပြောသည်။

No comments: