Monday, May 11, 2015

မန္တလေးတောင် စောင်းတန်းအတွင်း ဖွင့်လှစ် ရောင်းချနေသော ဆိုင်ခန်း ၁၅၀ ကျော်ကို ဖယ်ရှားရန် စီစဉ်

အောင်ကိုဦး

မန္တလေးတောင်တော် သန့်ရှင်းသာယာလှပရေးနှင့် ဘုရားဖူးလာရောက်သူများ စိတ်အနှောက်အယှက် မဖြစ်ပေါ်စေရေးတို့အတွက် စောင်းတန်းများ အတွင်းမှ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ကို ရှင်းလင်းဖယ်ရှားရန် စီစဉ်နေသည်ဟု မန္တလေးတောင်တော် ဂေါပက ဥက္ကဋ္ဌ ဦးသိန်းထွန်းက မဇ္ဈိမ ကို ပြောသည်။

ထိုသို့ဖယ်ရှားရန် စီစဉ်ခြင်းသည်ဈေးဆိုင်ခန်းများသည် စောင်းတန်းလျှောက် လမ်းများပေါ်အထိ တက်၍ ဈေးများရောင်းချနေကြခြင်းနှင့် ဘုရားဖူးလာ သူများ ကိုစိတ်အနှောက်အယှက် များဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဦးသိန်းထွန်း က "ဆိုင်ခန်းဖယ်ပေးဖို့ လုပ်နေတာကြာပြီလေ။ ကျွန်တော်တို့ တစ်ဖွဲ့တည်း လုပ်လို့ မရပါဘူး။ ဒါကြောင့် တိုင်း သာသနာရေးတို့ တိုင်းသံဃနာယ ကအဖွဲ့တို့နဲ့ ညှိုနှိုင်းမှုတွေ လုပ်နေတယ်။ အချိန်ယူပြီး လုပ်သွားမှာပါ "ဟု ပြောသည်။

ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းပြီးပါက စည်းကမ်းလိုက်နာသော ဆိုင်ခန်းအချို့ကိုသာ ဖွင့်ခွင့်ပေးသွားမည်ဖြစ်ပြီး လူနေထိုင်ခွင့်မပေးတော့ဟု ၎င်းက ဆိုသည်။

လက်ရှိစောင်းတန်းများတွင် ဖွင့်လှစ်ရောင်းချနေသော ဆိုင်ခန်း ၁၅၀ ထံ မှ ဂေါပက အဖွဲ့က အခကြေး ငွေ ယူထားခြင်းမရှိဘဲ ဂေါပကအဖွဲ့က တရားဝင်ချပေး ထားသော ဆိုင်ခန်း ၄၈ ခန်းကို အခကြေးငွေယူ၍ ခွင့်ပြုထားသည်ဟုလည်း ဦးသိန်းထွန်းက ဆိုသည်။

၎င်းက " အဲဒီဆိုင်ခန်း ၁၅၀ ကျော်ကို ငွေမကောက်ဘူးဆိုတာက သူတို့ကို ရှင်းလင်းချင်လို့ပါ။ ငွေကောက်လိုက်တာနဲ့ သူတို့ကို တရားဝင် ထားသလိုဖြစ်သွား မယ်။ ဒါကြောင့် မကောက်ခဲ့တာပါ" ဟုပြောသည်။

တောင်ဘက်စောင်းတန်းတွင် နိဗ္ဗာန်ကုန် ရောင်းချနေသူ ဒေါ်စန္ဒာက " ဒီစောင်းတန်းမှာ ရောင်းလာတာ မျိုးဆက် သုံးဆက်တောင် ရှိပြီ။ အခုမှ လာရောင်း တာမဟုတ်ဘူး။ ဂေါပကဆိုပြီး လုပ်ချင်သလို လုပ်လို့မရ ပါဘူး။ ညှိနှိုင်းဆွေးနွေးမှုကို လုပ်ရပါမယ်။ ဒီအတိုင်း ဖယ်မပေးပါဘူး"ဟု ပြောသည်။

အမှတ်တရ ပစ္စည်းရောင်းချနေသူ ကိုမောင်မောင်ကလည်း " ဆိုင်ခန်းခ လာမကောက်တာက သူတို့ အပိုင်းလေ။ ဖယ်ခိုင်းချင်လို့ ဆိုင်ခန်းခ မကောက်တာဆို ရင်တော့ သက်သက်မဲ့ လုပ်တာပဲ။ ချမှတ်ထားတဲ့ စည်းကမ်းကတော့ ဆိုင်အများစုက လိုက်နာပါတယ်။ ဂေါပက ကတော့ ဘာမှတော့ တိုက်ရိုက်လာ ပြောတာ မရှိသေးဘူး။ အသံကတော့ ကြားနေတာ ကြာပြီ။ ကျွန်တော်တို့ အနေနဲ့ကတော့ တောင်ပေါ်မှာ ဆိုင်ခန်းနေရာ တစ်နေရာ ပြန်ပေးရင်တော့ လက်ခံပေးမှာပါ" ဟု ပြောသည်။

ဂေါပက အဖွဲ့က အဆိုပါဆိုင်ခန်းများကို ၂၀၁၃ ခုနှစ်က စတင်၍ ဆိုင်ခန်းခများ မကောက်ဘဲ ရောင်းချခွင့်ပြုထားပြီး ၂၀၁၄ ခုနှစ်တွင် မန္တလေးတောင်တော်ပေါ်ရှိ ဆုတောင်းပြည့် ရင်ပြင်နှင့် ဘီလူးမ ရင်ပြင်တော်ပေါ်ရှိ ဆိုင်ခန်း ၄၈ ခန်းကို ဖယ်ရှားကာ ထိုနေရာများနှင့် လွတ်ကင်းရာတွင် ဆိုင်ခန်းများ အသစ်တည်ဆောက်၍ တရားဝင်ချပေးထားမှုများ ပြုလုပ်ပေးထားသည်။

မန္တလေးတောင်တော်ပေါ်တွင် ရောင်းချနေသော ဆိုင်ခန်းများသည် ဘုရားဖူးလာ ရဟန်းရှင်လူ အပေါင်းကို ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံ ရန်ဈေးသည်များ သည် သရုပ်ပျက် အဝတ်အစားများ ဝတ်၍ အပြိုင်အဆိုင် ဈေးခေါ်ယူ ရောင်းချခြင်း မပြုရန်။ ဆိုင်ခန်းများတွင် အရက်သေစာ ရောင်းချခြင်း မပြုရန်၊လောင်း ကစားများ မပြုလုပ်ရန်နှင့် ဆိုင်ခန်းများတွင် ညမအိပ်ရန် စသည့် အချက် ၁၇ ချက်ပါ စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး မလိုက်နာသော ဆိုင်ခန်းများ စီစစ် ၍ ပိတ်သိမ်းခြင်းများလည်း ပြုလုပ်နေသည်ဟု ဦးသိန်းထွန်း က ဆိုသည်။

No comments: