T3
မက်ဆေ့ခ်ျပေးပို့သည့် မိုဘိုင်း App ဖြစ်သည့် WhatsApp ဖြင့် iOS ပေါ်တွင် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ပြီဟု T3 သတင်းဌာနက ဖော်ပြထားသည်။
မက်ဆေ့ခ်ျပေးပို့မှုအတွက် စာသားများကို ရိုက်နှိပ်နေရသည့်အတွက် အချိန်ကုန်မှုကို သက်သာစေမည့် အသုံးဝင်သည့် စွမ်းဆောင်ချက်တစ်ခု ဖြစ်သည်ဟုလည်း T3 က ဆိုထားသည်။
WhatsApp မှ ဖုန်းခေါ်ဆိုခြင်းအတွက် အခမဲ့ ဝန်ဆောင်မှုပေးထားခြင်းဖြစ်ပြီး အင်တာနက် အသုံးပြုခသာ ကုန်ကျမည်ဖြစ်သည်။
လက်ရှိအချိန်တွင် WhatsApp ဖုန်းခေါ်ဆိုမှုကို Apple ၏ iOS ပေါ်တွင်သာ လုပ်ဆောင်နိုင်ဦးမည်ဖြစ်ပြီး နောက်တစ်လခန့် အကြာမှသာ Android OSပေါ်တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားလိမ့်မည်ဟု T3 သတင်း၌ ဖော်ပြထားသည်။
WhatsApp ၏ တာဝန်ရှိသူတစ်ဦးက "WhatsApp ရဲ့ ဖုန်းခေါ်ဆိုမှုက အခမဲ့ပါ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေ နိုင်ငံခြားမှာ ရောက်နေတယ်ဆိုရင်တောင် အင်တာနက်အသုံးပြုပြီး ခေါ်ဆိုနိုင်ပါပြီ။ ဖုန်းခေါ်ဆိုတာထက် အများကြီး သက်သာစေပါတယ်" ဟု ဆိုသည်။
WhatsApp က ကင်မရာကိုလည်း ထည့်သွင်းပေးထားပြီး ယင်းကင်မရာမှ တဆင့်လည်း ဓါတ်ပုံနှင့် ဗီဒီယိုများကို တိုက်ရိုက်ပေးပို့နိုင်ရန် ဆောင်ရွက်ပေး ထားသည်ဟု T3 သတင်းက ဖော်ပြထားသည်။
မိုဘိုင်းဖုန်းပေါ်မှ မက်ဆေ့ပေးပို့သည့် App များ အနက် အသုံးအများဆုံးစာရင်းတွင် ပါဝင်နေသည်ဟု CNET သတင်းဌာနက ဖော်ပြထားသည်။ ယင်း App ကို မိုဘိုင်း OS မျိုးစုံတွင် အသုံးပြုနိုင်ပြီဖြစ်သည်ဟုလည်း CNET က ဆိုသည်။
WhatsApp ကို ၂၀၁၄ အောက်တိုဘာတွင် ဖေ့ဘွတ်က အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ အသုံးပြုကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ အောက်တိုဘာတွင် အသုံးပြုသူ သန်း ၆၀၀၊ ၂၀၁၅ ဇန်နဝါရီတွင် အသုံးပြုသူ သန်း ၇၀၀ အထိရှိခဲ့ပြီး လက်ရှိအချိန်တွင် လစဉ်ပုံမှန်အသုံးပြုသူ သန်း ၈၀၀ အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု CNET က ဖော်ပြထားသည်။
လူမှုကွန်ရက် တွစ်တာ ကို လစဉ်ပုံမှန်အသုံးပြုသူ ၂၈၈ သန်းရှိနေပြီး Instagram ကို အသုံးပြုသူ သန်း ၃၀၀ ခန့် ရှိနေချိန်တွင် WhatsApp အသုံးပြုသူ အရေအတွက်သည် နှစ်ဆ ကျော် ပိုမိုများပြားလာခဲ့သည်။
ယင်းကဲ့သို့ အသုံးပြုမှုအရေအတွက်များကြောင့် WhatsApp သည် ကမ္ဘာ့လူသုံးအများဆုံး App တစ်ခုအဖြစ် စာရင်းဝင်ခဲ့သည်ဟု CNET က ဖော်ပြခဲ့သည်။
No comments:
Post a Comment