Friday, February 20, 2009

နေပြည်တော်မှ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ သစ်မှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေ

Narinjara News

ရခိုင်ရိုးမနှင့် ပဲခူးရိုးမ သစ်များကို ဆယ်ဘီးကားများနှင့် ထုတ်ယူပြီး တောင်ကုတ်မြို့မှ တဆင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို မှောင်ခို တင်ပို့နေရာတွင် နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ပါဝင်ပတ်သက်နေသည်ဟု တောင်ကုတ်မြို့မှ လူငယ် တဦးက ပြောသည်။

သူက “ခုသစ်တွေ တဘက်နိုင်ငံကို ခိုးထုတ်တဲ့နေရာမှာ တောင်ကုတ်မြို့က ဦးကျောက်တောင်၊ ဦးသန်းမင်း၊ ဦးကျော်ရင်တို့နဲ့ အတူ နေပြည်တော်က စစ်ဘက်ဆိုင်ရာ အရာရှိကြီး အများအပြားလည်း ပါဝင် ပတ်သက်နေပါတယ်။ စစ်အရာရှိကြီးတွေက အဲဒီစီးပွားရေးမှာ အစုစပ် အဖြစ် ပါဝင် နေကြပါတယ်။” ဟု ပြောသည်။

နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ အနေဖြင့် ရခိုင်ရိုးမနှင့် ပဲခူးရိုးမမှ သစ်များအား ထုတ်လုပ်ပြီး တောင်ကုတ်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးကျောက်တောင်နှင့် ပူးပေါင်းပြီး တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့ကို မှောင်ခို လမ်းကြောင်းမှ တဆင့် တင်ပို့နေသည်။

အဆိုပါ လူငယ်က “ရခိုင်ရိုးမက သစ်တွေကတော့ မရှိသလောက် ဖြစ်သွားပါပြီ။ တောင်တွေကလည်း တောင်ကတုံးတွေ ဖြစ်သွားပါပြီ။ ပဲခူးရိုးမနဲ့ ရခိုင်ရိုးမက သစ်တွေကို တနေ့တနေ့ကို ဆယ်ဘီးကား ဆယ်စီးလောက် သယ်ယူလာပြီး တောင်ကုတ် ဆိပ်ကမ်းကနေ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့နေကြတာ ဖြစ်ပါတယ်။ ခုလို နေ့စဉ် နေ့တိုင်း သစ်တွေ မှောင်ခို တင်ပို့နေတာကို လူတိုင်း သိပါတယ်။ စစ်တပ်က ပါဝင် ပတ်သက်နေတော့ ဘယ်သူမှ မပြောရဲဘူး။ သစ်တွေ ခိုးထုတ်နေတာကို မြင်ရတဲ့ အတွက် ပြည်သူတွေမှာသာ ပိုပြီး ခံစားမူ ဖြစ်ရပါတယ်။” သူက ပြောသည်။

တောင်ကုတ်မြို့ သတင်းရပ်ကွက် အရ နေပြည်တော်မှ စစ်အရာရှိကြီးများမှာ တောင်ကုတ်မြို့သို့ မကြာခဏ လာရောက် လည်ပတ်လေ့ရှိပြီး ဦးကျောက်တောင်တို့ အုပ်စုနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ သစ်များကို တောင်ကုတ်မြို့မှ တဆင့် ဘင်္ဂလာဒေခ်ျ့ တက်ကနက် ဆိပ်ကမ်းကို အသုံးပြုနေပြီး တင်ပို့ နေခြင်း ဖြစ်ပြီး တနေ့ တနေ့ကို သစ်တင် လာသောဘုတ် အနည်းဆုံး (၁၀) စီးခန့် ၀င်ရောက်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ အဓိက တင်ပို့နေသော သစ်များမှာ ကျွန်းသစ်၊ ကညင်၊ စကားဝါနှင့် ပျဉ်းကတိုးတို့ ဖြစ်သည်။

အဆိုပါ သစ်များကို ဒေါ်လာနှင့် ရောင်းချနေခြင်း ဖြစ်ပြီး သစ်များ အကြီးအကျယ် ၀င်ရောက်နေသဖြင့် သစ်ဈေးမရဘဲ ဖြစ်နေသော်လည်း သစ်များ နေ့စဉ် နေ့တိုင်း တန်ချိန်ပေါင်း မြောက်မြားစွာ ၀င်ရောက်နေသည်ဟု နယ်စပ် သစ်ကုန်သည် တဦးက ပြောသည်။

“မြန်မာနိုင်ငံက သစ်တွေ အကြီးအကျယ် ၀င်ရောက်နေတော့ နယ်စပ်ဂိတ် ဘောင်တော်မှာ ဘင်္ဂလာ စီးပွားရေး သမားတွေက ဈေးနှိမ်ပြီး ၀ယ်ယူနေကြပါတယ်။ နည်းနည်းလေး အနာပါတာနဲ့ ပယ်လိုက်တာတော့ လက်မကလေး လျော့လိုက်တာနဲ့ ပယ်လိုက်တာတော့ အများကြီးပါဘဲ။ မြန်မာနိုင်ငံက သစ်တွေကတော့ ဈေးရရ မရရ ၀င်လာနေကြတာပါဘဲ။”

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ တဆင့် ရခိုင်ရိုးမနှင့် ပဲခူးရိုးမမှ သစ်မာများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ မှောင်ခို တင်ပို့နေသည်ကို နိုင်ငံတကာ ပတ်ဝန်းကျင် အရေး လှုပ်ရှားသူများနှင့် သတင်းမီဒီယာများ မသိရှိရအောင် စစ်အစိုးရ တာဝန်ရှိသူများနှင့် စီးပွားရေးသမားများက ပိပိရိရိ ဆောင်ရွက် လုပ်ကိုင်နေသည်ဟု တောင်ကုတ်မြို့ခံ လူငယ်က ပြောသည်။

No comments: