Friday, June 26, 2009

ကြံ့ဖွတ်မှ တာဝန်ယူဆောက်လုပ်ပေးသော စာသင်ကျောင်း ရွာသားများလက်မခံ

ကွန်းဟဒေ့ Fri 26 Jun 2009

မွန်ပြည် နယ်၊ မုဒုံမြို့ နယ်ရှိ ကျေးရွာ အချို့တွင် စင်္ကာပူ အလှူရှင် များမှ လှူဒါန်းသော အလှူငွေ များဖြင့် ၄င်း မြို့နယ်ရှိ ကြံ့ခိုင်ရေး အ ဖွဲ့မှ တာဝန်ယူ ဆောက်လုပ် ပေးနေသော စာသင် ကျောင်းကို ရွာသား အချို့က လက်ခံ ရန်ငြင်း ပယ်ခဲ့ သည်ဟု သိရသည်။


လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် စင်္ကာပူရောက် မုဒုံမြို့နယ်ခံမိသားစုတစ်စုက မုဒုံမြို့နယ်ရှိ ကျေးရွာအချို့ကို ကျောင်းဆောက်လုပ်ရာ် အလှူငွေပေးရန်အတွက် ကမ်းလှမ်းခဲ့သည်။ မုဒုံမြို့ မယကမှ ၄င်းကျောင်းဆောက်ရန်စီမံကိန်းကို မုဒုံမြို့ ကြံ့ဖွတ်အသင်းအား စီမံကွပ်ကဲစေရန် အလှူရှင် စင်္ကာပူမိသားစုထံ ညွန်ကြားခဲ့သဖြင့် အလှူရှင်များမှ အလှူငွေ သိန်း ၉၀၀ ကျပ်ကို မုဒုံမြို့ကြံ့ဖွတ် ဥက္ကဌ ဒေါက်တာ မြင့်ဦးအာွးပေးအပ်ခဲ့သည်။

ကြံ့ဖွတ်ဦးဆောင်မှုဖြင့် မုဒုံမြို့နယ် ဆက်သွယ်ကျေးရွာနှင့် ကျိုက်ရွဲကျေးရွာ စာသင်ကျောင်းနှစ်ကျောင်းကို တည်ဆောက်ပြီးခဲ့ပြီ၊ ဒိုးမာကျေးရွာစာသင်ကျောင်းကို လွန်ခဲ့သောနှစ်လခန့်က စတင်ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။ ဒိုးမာကျေးရွာ စာသင်ကျောင်းဆောက်လုပ်ရန် သိန်း ၁၅၀ ခန့်ကုန်ကျမည်ဟု တွက်ဆခဲ့ပြီး ကြံ့ဖွတ်များအနေဖြင့် ငွေကြေးနည်းနေသောကြောင့် ကုန်ကျစရိတ်၏ ထက်ဝက်ခန့်ကိုသာ ပေးဆောင်နိုင်ပြီး ကျန်တဝက်ခန့်ကို ရွာသားများမှ ထောက်ပံ့ရမည်ဟု ကြံ့ဖွတ်မှ ပြောခဲ့သည်။

အစပိုင်းတွင် ရွာသားများသဘောတူသော်လည်း ကျောင်းဆောက်ရန်အတွက် ကြံ့ဖွတ်အဖွဲ့မှ သစ်အညံ့စားများကိုသာ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ရွာသားများက ကြံ့ဖွတ်ဦးဆောင်မှုကို မယုံကြည်ကြသောကြောင့် ကျောင်းဆောက်ရန် ကုန်ကျစရိတ်ကို ရွာသားငွေကြေးများကိုသာသုံးပြီး ဦးဆောင်မှုလည်း ၄င်းတို့ကိုယ်တိုင်သာ လုပ်ဆောင်မည်ဟု ရွာသားများက ကြံ့ဖွတ်အဖွဲ့ကို ပြောခဲ့သည်ဟု ၄င်းကျေးရွာနှင့်နီးစပ်သော ရွာသားတစ်ဦးက ပြောသည်။

၎င်းတို့တဝက်အစိုက်ခံရသော ငွေကြေးများသည် ကြံ့ဖွတ်အဖွဲ့ဝင်များ အလွဲသုံးစားလုပ်မည်ကို စိုးရိမ်သောကြောင့် ကြံ့ဖွတ်ဦးဆောင်မှုကို ယခုကဲ့သို့ ရွာသားများက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“သူတို့ (ကြံ့ဖွတ်)က နာမည်ကောင်းလိုချင်လို့ သူများပိုက်ဆံနဲ့ ဦးဆောင်ပြီးတော့ ဆောက်သေးတယ်၊ ပစ္စည်းတွေ ဝယ်ပြန်တော့လဲ ဖြစ်သလိုဝယ်တယ်၊ အကောင်းစားတွေမဝယ်ဘူး၊ ဈေးပေါတဲ့ အညံ့စား သစ်တွေ ဝယ်တယ်၊ ပိုက်ဆံတဝက် အစိုက်ခံရတဲ့ ရွာသားတွေ ဘယ်အယုံ အကြည်ရှိတော့မလဲ” ဟု ၄င်းရွာသားနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ရွာသားများ ကိုယ်တိုင်ဦးဆောင်ဆောက်လုပ်ခဲ့သော စာသင်ကျောင်းမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီး ငွေသိန်း ၁၀၀ ကျပ်ခန့် ကုန်ကျခဲ့သည်။ ငွေကြေးအခက်ခဲကြောင့် ခေတ္တခဏရပ်ဆိုင်းထားခဲ့ပြီး ဆက်လက်ဆောက်လုပ်ရန် လိုအပ်သောငွေကြေးများကို မွန်ပြည်နယ်အစိုးရပညာရေးဌာနသို့ တောင်းခံသော်လည်း ယခုအချိန်ထိပင် မရရှိသေးကြောင်း ရွာသားတစ်ဦးက ပြောသည်။

No comments: