Friday, November 13, 2009

မိုင်းလားတပ်ဖွဲ့နယ်မြေသုံးပိုင်းခွဲခံရ - သီခြားစီလူစာရင်းပေးပို့ရန် နအဖတောင်းခံ

သျှမ်းသံတော်ဆင့်

ဦးစိုင်းလင်း ဦးဆောင်သည့် NDAA – ESS ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - သျှမ်းပြည် အရှေ့ပိုင်း အထူး ဒေသ ၄ နယ်မြေအား သုံးပိုင်း ခွဲပြီး လူသူအင်အား စာရင်းပေးပို့ရန် နအဖ ဒေသခံ အာဏာပိုင် များက တောင်းဆိုခဲ့ ကြောင်း နယ်စပ် သတင်း ရပ်ကွက်ပြော ပါသည်။

ယခုလ ၉ ရက်နေ့က မိုင်းလားတပ်ဖွဲ့ထံ ဆီလူးဒေသ တပ်မဟာ ၃၆၉ ကို မိုင်းခတ်ဗျူဟာမှူးကလည်းကောင်း၊နမ့်ပန်း ဒေသ တပ်မဟာ ၉၁၁ ကို မိုင်းယောင်းဗျူဟာမှူးကလည်းကောင်း၊ မိုင်းလားဌာနချုပ်ကိုတော့ ကျိုင်းတုံစစ်တိုင်းရုံး ဂျီဝမ်း ဗိုလ်မှူးကြီး သန်းထွဋ်သိန်း ကိုယ်တိုင်သွား၍လည်းကောင်း နယ်မြေပိုင်းခြားကာ လူစာရင်းတောင်းခံခဲ့သည်ဟုသိရ၏။

“မိုင်းလားနယ်မြေ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခွဲလိုက်တယ်။ ဖဲ့ထုတ်ပြီး ဆက်ဆံတယ်။ ဒါ ဗမာ့တပ်မတော်ရဲ့ နည်းဗျူဟာဘဲ။” - မိုင်းလားတပ်ဖွဲ့ဝင် အရာရှိငယ်တဦးက ပြောပါသည်။

စစ်အစိုးရ မြေတိုင်းဦးစီးဌာနက မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၃၆၉ အခြေစိုက် ဆီလူးဒေသအား မိုင်းယန်းမြို့နယ်အတွင်း ၌လည်းကောင်း၊ တပ်မဟာ ၉၁၁ အခြေစိုက် နမ့်ပန်းဒေသအား မိုင်းယောင်းမြို့နယ်အတွင်း၌လည်းကောင်း ထည့်သွင်း ထားပြီး၊ မိုင်းလားဌာနချုပ်မှာတော့ သီးခြားမြို့နယ်အဆင့်အဖြစ်သတ်မှတ်ထားပါသည်။

“မိုင်းလားတပ်ဖွဲ့ရဲ့ နမ့်ပန်း နဲ့ ဆီလူးဒေသကတပ်မဟာ ၂ ခု ကို ပြည်သူ့စစ်တပ်လုပ်ခိုင်းထားတယ်။ မိုင်းလား ဌာနချုပ် တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်လုပ်ခိုင်းတယ်။ ဒါကို မိုင်းလားတပ်ဖွဲ့က အစည်းအဝေးတွေလုပ်တယ် ဆန္ဒကောက်ယူတယ်။ ဘယ်သူမှသဘောမတူတဲ့အတွက် စာရင်းမပို့နိုင်ဘူး၊ နောက်ပြီး အမြဲတမ်း အပစ်ရပ်အဖွဲ့တွေကဘဲ အလျှော့ပေးနေရတာ၊ ဗမာတပ်ဘက်အလျော့ပေးတာတခါမှမရှိဖူးဘူး” ဟု ထိုင်း - သျှမ်း - တရုတ်နယ်စပ် သွားလာလေ့ရှိသူတဦးက ပြော၏။

တြိဂံတိုင်းဂျီဝမ်း ဗိုလ်မှူးကြီးသန်းထွဋ်သိန်းနှင့်အဖွဲ့ မိုင်းလားသို့ တညအိပ်ပြီးပြန်လာခဲ့ကြောင်း၊ ပုံမှန်ဆက်ဆံရေးရှိစဉ်က မိုင်းလားဈေးအတွင်းအလည်အပတ်သွားပြီးလိုရာပစ္စည်း လက်ညှိုးထိုးမှာယူလေ့ရှိသော်လည်း ယခုတခေါက်တွင်မူ လက်ဆောင်ပစ္စည်းလည်းမရဘဲ လက်ချည်းဗလာပြန်ခဲ့ရကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

ထို့အတူ မိုင်းလားသို့ ဗမာ့တပ်မတော် ဂျီဝမ်းရောက်ရှိစဉ် ၀ ခေါင်းဆောင်အချို့လည်း ရောက်ရှိနေပြီး ကိုးကန့်ကဲ့သို့ အဖြစ်မျိုးမကြံရစေရန် ၀ နှင့် မိုင်းလားတို့ နှစ်ဘက်ဆွေးနွေးသဘောတူခဲ့ကြသည်ဟု -ခိုင်လုံသည့်သတင်းရပ်ကွက် ပြောပြပါ သည်။

No comments: