ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ (၂) မိုင် အောင်သာရပ်ကွက်ရှိ မနောကွင်းတွင် ကချင်ရိုးရာနှင့် စာပေ၊ ယဉ်ကျေးမှုအဖွဲ့မှ ကောက်သစ်စားပွဲနှင့် ဆွတ်မနောပွဲကျင်းပရန် ရည်ရွယ်ပြီး ယမန်နေ့က ပြုလုပ်ခဲ့သည့် ကျောက်စရစ်ကြမ်းခင်းအား ဗန်းမော်ဒေသခံအာဏာပိုင်များက ယနေ့ဖျက်ဆီးလိုက်သည်။အချင်းပေ (၁၈ဝ) ရှိသည့် အဆိုပါ မနောကွင်းတွင် နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်အထိ ကချင်ရိုးရာ ကောက်သစ်စားပွဲနှင့် ဆွတ်မနောပွဲကို ကျင်းပရန်ရှိသကဲ့သို့ အာဏာပိုင်များကလည်း ကျင်းပခွင့် ပွဲမိန့်ပေးထားပြီးဖြစ်၍ ယမန်နေ့က ကျောက်စရစ်ခဲ၊ ထုံးတို့ဖြင့် ကြမ်းခင်းလောင်းခဲ့ပြီးကာမှ ယနေ့နံနက် (၁ဝ) နာရီတွင် ဗန်းမော်ဒေသခံအာဏာပိုင်များက လာရောက်ဖျက်ဆီးခဲ့သည်ဟု မျက်မြင်ဒေသခံတဦးက ပြောသည်။
၎င်းက “ဗန်းမော် ခယက အတွင်းရေးမှူး၊ မယက အတွင်းရေးမှူး၊ မြို့နယ်ရဲမှူးက ဦးဆောင်ပြီး ဖျက်တာပဲ။ သူတို့တွေက ဘေးကနေ ထိုင်ကြည့်နေတာ။ လမ်းမြေညှိစက်လိုဟာနဲ့ မနေ့က ခင်းထားတဲ့ ကျောက်စရစ် အခင်းတွေကို ခွာနေတယ်။ မနောတိုင်ကိုတော့ ဘာမှမလုပ်ဘူး။ မနောကမယ်ဆိုရင် ဖုန်မထအောင် အခုလို ကြမ်းခင်းထားတာကို လာဖျက်နေတာ။ အခုလို ကြမ်းခင်းထားရင် တရားဝင် မနောကွင်းမြေဖြစ်မှာမို့ လာဖျက်တာတဲ့” ဟု ပြောသည်။
ဗန်းမော်မြို့နယ်အတွင်းရှိ ကချင်ရိုးရာနှင့် စာပေ၊ ယဉ်ကျေးမှုအဖွဲ့က ယခုမနောကွင်းအတွင်း မနောတိုင်များ တည်ဆောက်ရန် ဆောင်ရွက်နေခဲ့ရာ ယခုနှစ် ဇွန်လအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း အမိန့်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရပြီး အဆိုပါကွင်းအား ဘာသာရေးမြေအဖြစ် အသိအမှတ်ပြုပေးရန် ကချင်ရိုးရာနှင့် စာပေ၊ ယဉ်ကျေးမှုအဖွဲ့က နေပြည်တော်အထိ စာရေးတောင်းဆို တင်ပြထားသည်။
“မနောတိုင်တွေက ဆက်ဆောက်နေတုန်းပဲ။ ပွဲလည်း ကျင်းပလို့ရတယ်။ ခင်းထားတဲ့ ကျောက်စရစ်တွေကိုပဲ လိုက်လှန်နေတာ။ မြေကြီးပေါ်မှာပဲ ကရမယ်ပေါ့ဗျာ။ ကျနော်တို့ မနေ့က ခင်းနေတုန်း လာတားရင် ကျနော်တို့လည်း အချိန်၊ ငွေ၊ လုပ်အား မဆုံးရှုံးဘူးပေါ့။ အခုတော့ ဘာတတ်နိုင်မှာလဲ။ သူတို့တွေက အာဏာရှိနေတော့ ဒီအတိုင်းကြည့်နေရတာပဲ။ ပွဲမိန့်ပေးတာလေးကိုပဲ ကျေးဇူးတင်နေရတော့တယ်” ဟု ဒေသခံ ကချင်အမျိုးသားတဦးက ပြောသည်။
ယခုကဲ့သို့ ပြဿနာဖြစ်နေသည့် မနောကွင်းမြေနေရာတွင် ကချင်ရိုးရာ ကောက်သစ်စားပွဲနှင့် ဆွတ်မနောပွဲ ကျင်းပရန် အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပြီးနောက် ကချင်ရိုးရာနှင့် စာပေ၊ ယဉ်ကျေးမှုအဖွဲ့က ယမန်နေ့မှစ၍ မနောတိုင်များနှင့် ကြမ်းခင်းများကို ဆောက်လုပ်နေခဲ့ရာမှ ယခုကဲ့သို့ ကြမ်းခင်းများ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။
No comments:
Post a Comment