ထိုင်းနိုင်ငံစံခလ ပူရီမြို့ နဲ့ (၁၅)ကီလို မီတာ ကွာဝေးတဲ့ ဝေ့မလိုင် ကျေးရွာမှာ ဆရာမ နော်ဖေါလုလု ဦးစီးပြီး ဖွင့်လှစ်ထားတဲ့ Save House ခေါ် နာတာရှည် ရောဂါ သည်များ လုံခြုံရေး ဂေဟာ ခြံဝင်း ထဲအဝင် မှာတော့ အမျိုးသမီး ငယ်တစ်ဦး ပြေးထွက်လာပြီး လက်အုပ်ချီ နှုတ်ဆက်လာ ပါ တယ်။ သနပ်ခါး အဖွေးသား လိမ်းချယ် ထားပြီး ရိုးသားတဲ့ မျက် နှာပိုင်ရှင် တစ်ဦးပါ။ သူမကတော့ ယဉ်ယဉ် ကလေးနဲ့ စိတ်ရောဂါ ဝေဒနာ ခံစား နေရတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ အိမ်အတွင်း မှာတော့ ခရစ်စမတ် ပွဲတော် ကျင်းပဖို့ အတွက် ဖဲကြိုး ကလေးတွေ သွယ်တန်း ပြင် ဆင် နေတာကို တွေ့ရပါတယ်။ တချို့သူတွေ ကျတော့ ယက္ကန်း ယက်နေ တာကို တွေ့ရ ပါတယ်။ သူတို့ တတွေဟာ ရောက်ရာ အခြေ အနေမှာ ပျော်ရွှင်အောင် နေနေတာ ကိုတွေ့ရ ပါတယ်။
အိမ်ရဲ့ဝန်းကျင်မှာဆိုရင် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေရယ် အုတ်ဖုတ်တဲ့စက်တခုကိုလည်း တွေ့ရပါတယ်။ အိမ်ဂေ ဟာရဲ့အပြင်အဆင်ဟာ ထယ်ဝါခြင်းမရှိပေမဲ့ စေတနာမေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံနေတဲ့နေရာလေး တစ်ခုပါ။
Save House လို့ခေါ်တဲ့ နာတာရှည်ရောဂါသည်များ လုံခြုံရေးဂေဟာမှာဆိုယင် ရောဂါသည်ပေါင်း(၆ဝ) လောက်ရှိပါ တယ်။ စိတ္တဇ ရောဂါဝေဒနာသည်တွေ တီဘီလို့ခေါ်တဲ့ အဆုတ်နာရောဂါသည်တွေ AIDS ရောဂါသည်တွေကို စောင့် ရှောက်ထားပြီး ဆေးဝါးကုသပေးတဲ့နေရာလေး တခုပါ။ အဲဒီအထဲမှာဆိုရင် AIDS ရောဂါသည် (၅) ယောက်ရှိနေပါ တယ်။ အချို့ရောဂါသည်တွေဟာ အိမ်ထောင်ရေးဖေါက်ပြန်မှု လိင်ဘက် ဆိုင်ရာလိုက်စားမှုတွေကြောင့် ဒီရောဂါကူး စက်လာခဲ့တယ်လို့ ဆိုပါတယ်။ အချို့ရောဂါသည်တွေကတော့ ကိုယ်တိုင်ဖေါက်ပြန်တာမရှိပေမဲ့ ကိုယ့်ရဲ့ခင်ပွန်းသည် ကနေ ကူးစက်လာတာလည်းရှိပါတယ်။ ဒီဖြစ်စဉ်ကို ရောဂါသည်အမျိုးသမီးတစ်ဦးက သူမရောဂါကူးစက်လာခဲ့တဲ့အခြေ အနေ အဖြစ်အပျက်တွေကို အခုလိုပြောပါတယ်။
“ကျွန်မယောက်ျားကတော့ အရက်မမူးယင်ကောင်းတယ်။ မူးလာပြီးဆိုရင်သွေးဆိုးတယ်။ ကျွန်မကိုရိုက်တယ်။ နောက် ဆုံးသည်းမခံနိုင်တော့တာနဲ့ ကျွန်မထွက်ပြေးလာတယ်။ အမျိုးသမီးအဖွဲ့အစည်း အကူအညီနဲ့ Save House နောက် တစ်နှစ်ကြာတော့ ကျွန်မယောက်ျားလာခေါ်တယ်။ နောက်သူမမူးတော့ပါဘူး ဝန်ခံခဲ့တော့ သားသမီးမျက်နှာထောက်လို့ ပြန်လိုက်သွားခဲ့တယ်။ ကျွန်မနဲ့ကွဲနေတဲ့ကာလမှာ သူကဗမာပြည်နဲ့ ရှမ်းပြည်ကိုသွားနေကြတဲ့လူကို ပို့တယ်ဟုတ်လား။ အဲတာကို သူတောလမ်းကနေ ဂိတ်ဖြတ်တယ်ဆိုလို့ရှိယင် လူတစ်ယောက်ကို(၆ဝဝ)ရတယ်။ ပိုက်ဆံကလည်း များတယ် ဟုတ်လားဆိုတော့ အဲဒီအချိန်မှာရောဂါရလာ တယ်ကျွန်မထင်တယ်။ အဲဒါပေမဲ့ယေက်ျားဆိုတော့ကိုယ်ချင်းစာပါတယ်။ သူကလူပျိုမှ ခလေးမှမဟုတ်တာ”
သူမ မကျန်းမမာဖြစ်တော့ ဆေးရုံတက်ဆေးစစ်လို့ အဖြေထွက်လာတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးပြိုပျက်သွားမတတ်ခံစား ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေကို မျက်ရည်ဖြိုင်ဖြိုင်ကြားက အခုလိုပြောပါတယ်။
“အဲဒီရောဂါရပြီးဆိုတော့ ကျမပြန်လာတာပေါ့။ ပြန်လာတော့ ဒါပေမယ့်ကိုယ်သိတယ်လေ ကိုယ်ရှာလို့မဟုတ်ဘူးဆို တာသိတယ်။ ဒါပေမယ့် ကိုယ်ရှက်တယ်။ ကျမဘယ်တော့မှထင်မထာားဘူး ကျမဒီရောဂါရမယ်ဆိုတာ။ ထမင်းစားဖို့ ဟင်းစားဖို့ကျမကို လာပြောကြတယ်။ ကျမနားမထောင်ဘူး။ နောက်ဆုံးကျမနားထဲကို စကားတစ်ခွန်းဝင်သွားတယ်။ နင်ဟာ မိခင်တစ်ယောက်ဖြစ်တယ်။ နင်ခလေး(၂)ယောက်အတွက် နင်အသက်ရှင် ပေးရမယ်တဲ့။ အဲဒါနဲ့ ကျမခလေး (၂)ယောက်အတွက်ပဲ ကျမအသက်ရှင်ပေးတယ်။ နောက်မဟုတ်ဘူးဆိုရင် အဲဒီရောဂါရပြီးဆိုရင် ကျမသေလိုက်ပြီး ကိုယ့်ကိုယ်ကို”
တချို့ကျတော့ အပျော်အပါးလိုက်စားခဲ့လို့ ဒီ AIDS ရောဂါ ကူးစက်တာခံနေရတဲ့သူလည်းရှိပါတယ်။ ကိုယ်တိုင်အပျော် လိုက်စားရင်း ရောဂါကူးစက်တာခံခဲ့ရတဲ့ ဦးစောထူးဆိုတဲ့ ရောဂါသည်တစ်ဦးက အခုလိုပြောပါတယ်။
“သူငယ်ချင်းတွေအပေါင်းအသင်းပေါ့။ အဲဒီကျိုက္ခမီလှေသွားလိုက်တယ်ပေါ့ အဲဒီမှာသူငယ်ချင်းတွေက မြှောက်တာပေါ့။ စားသောက်ပြီးတော့ ဟိုတာဖြစ်အုံးမလားဆိုတော့ လိုက်မိတာပေါ့။ အဲဒီကနေပြီးတော့ ရောဂါရလာတယ်။ ကျွန်တော် တို့ကအစုံကိုဝင်တာ။ ရေးနယ်ဘက်က အဲဒီဆီးဖြူတောင်တို့လည်းဝင်တယ်။ သူတို့က အမျိုးသမီးဆိုင်တွေ Open ပဲ ထားထားပေးတာကိုး”
တချို့လူနာတွေကတော့ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်ယင်း လိင်ဘက်ဆိုင်ရာအပျော်အပါးလွန်ကဲခဲ့လို့ AIDS ရောဂါ ကူးစက်လာခဲ့တယ်လို့ ပြောပါတယ်။ သူဟာကျန်းမာရေးအသိမရှိတော့ အကာအကွယ်သုံးရမှန်းလည်း မသိခဲ့ပါဘူး။ ရောဂါကူးစက်ပြီးတော့မှ ရလာတဲ့အသိတရားနဲ့နောင်တဟာ နောက်ကျခဲ့ပြီးလို့ဆိုပါတယ်။
"ကျွန်တော်တို့အမျိုးသမီးတွေနဲ့ သွားလာဆက်ဆံတော့ မူးလည်း မူးနေတာကိုး။ ကွန်ဒုန်းသုံးရမှန်းလည်း မသိဘူး။ ဒီအတိုင်းဘဲ ဆက်ဆံတယ်။ နောက်ရောဂါရမှ သိရတယ်ဆိုတော့ ဘာမှမတတ် နိုင်တော့ဘူး”
အခြားနိုင်ငံအချို့မှာတော့ ဒီ AIDS ရောဂါဝေဒနာ ခံစားရတဲ့ လူနာတွေကို နွေးထွေးစွာဆက်ဆံပြီး ဖေးဖေးမမကူညီစောင့် ရှောက်ပေမဲ့ မြန်မာနိုင်ငံမှာတော့ မိဘဆွေမျိုး သူငယ်ချင်းလူ့ အသိုင်းအဝိုင်းကြားမှာ ဖယ်ကြဉ်ခံနေရတယ်လို့ ဝေဒနာသည် တစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။
“သူများတွေ့လို့ရှိရင်ဟာ အဲဒီကောင်က ဒီရောဂါနဲ့ဖြစ်လာပြီး။ ငါနဲ့မပေါင်းချင်တော့ဘူး။ ဘာညာနဲ့ ဒီလိုပဲပြောတာပေါ့။ တဝမ်းကွဲတွေ ဆွေမျိုးအသိုင်းအဝိုင်းတွေလည်း။ အဲဒီကောင် ကမပြန်လာနဲ့တော့ သေတာပဲကောင်းပါတယ်။ အဲဒီရော ဂါဖြစ်လာပြီးဆိုတော့ ဘာထူးတော့မလဲ ဘာညာပြောတယ်။ ခံစားရတာပေါ့။ အမျိုးမျိုးခံစား ရတာပေါ့။ သူငယ်ချင်းတွေ ကလည်း ဒီလိုပဲပေါ့။ အခုဖုန်းဆက်လည်း တစ်ယောက်မှ ဖုန်းမကိုင်တော့ဘူး။ ခလေးလည်း အခုဖုန်းမဆက်တော့ဘူး။ သူအမေ ဘာတွေပြောလည်း မသိဘူး။ အမေပြောတယ် နင့်အဖေက အကျင့်မကောင်းတော့ဘူး။ ဘာညာအဲဒီလိုပဲဖြစ် မှာပေါ့။ အခုဘာမှဖုန်း မဆက်တော့ဘူး။ အရင်တုန်းကဆိုရင် ဖုန်းဆက်သေးတယ်”
သူတို့တတွေလို ရောဂါဆိုးတွေမဖြစ်ပွါးအောင် ဆင်ခြင်နိုင်ဖို့ဆိုပြီးတော့ ဝေဒနာသည်အမျိုးသမီးတစ်ဦးက စေတနာ ထားပြီး မျက်ရည်စက်လက်နဲ့အခုလို စကားလက်ဆောင်ပြောကြားခဲ့ပါသေးတယ်။
“အဲဒါအကောင်းဆုံးကတော့ ကိုယ့်သားသမီးဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ယောက်ျားမိန်းမ ယူတော့မယ်ဆိုလို့ရှိရင် ဒီအခုကျမလိုမျိုးပဲ လင်မယားအတူတူနေတုန်း ရောဂါမရှိဘူး။ ကွဲသွားတယ်။ ကွဲသွားပြီး အကြောင်းကြောင်းတစ်ခု ကြောင့် ပြန်ယူရမယ်ဆိုလို့ရှိရင် ပြန်ယူမယ့်အချိန်မှာ သွေးစစ်ကြည့်လိုက်ပေါ့။ သွေးစစ်ကြည့်လို့ ရောဂါပိုးရှိနေပြီးဆို လို့ရှိရင်တော့ မယူနဲ့တော့ပေါ့”
ပါတ်ဝန်းကျင်အပြင်ဘက်မှာတော့ ဆောင်းလေအဝှေ့မှာ သစ်ရွက် ကလေးတွေ တဖြုတ်ဖြုတ်ကြွေကျနေတာ ကိုတွေ့ရပါတယ်။ ဆောင်းခို ငှက်ကလေးများရဲ့အော်မြည်သံတွေကတော့ ကြေကွဲစရာအဖြစ်တွေ ကိုပံ့ပိုးနေသလိုပါဘဲ။ အပြန်ခရီးမှာတော့ စဉ်းစားစရာများစွာကို ထွေး ပွေ့လာခဲ့ပါတယ်။ ဒီအဖြစ်ဆိုးမျိုးကြုံတွေ့နေတာ ဘယ်လောက်များ များရှိနေပြီးလည်း။ ပညာရှင်တွေတွက်ဆတဲ့ ကိန်းဂဏန်း လောက်ဘဲ လား။
ရွက်ပုံးသီးရောဂါ သည်တွေရော ဒီစာရင်းထဲမှာပါနေသလား။ ဒီရောဂါ ဆိုးကြောင့် ကျခဲ့တဲ့မျက်ရည်တွေ ဘယ်လောက်များနေပြီလည်း။ ဒီအ တွေးနဲ့စိတ်ထဲမှာ နောက်ကျိလာပါတယ်။ နေလုံးကြီးကတော့ အနောက် မိုးကုပ်စက်ဝိုင်းကို ဝင်ရောက်ခါနီးနေပါပြီး။
သြော် ပန်းအကြွေလမ်းမှာ မျက်ရည်တွေခမ်းနိုင်ပါတော့မလား။
No comments:
Post a Comment