Monday, December 7, 2009

မော်လမြိုင်ဈေးသစ်ကြီး ဖွင့်ပွဲလုပ် တိုင်းမှူးနှင့် ဧရာဟင်္သာကုမ္ပဏီ အောင်ပွဲခံ

လင်းနိုင်ဦး / ၇ ဒီဇင်ဘာ ၂၀၀၉

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ က မီးလောင် သွားသည့် မော်လမြိုင်မြို့ အမှတ် (၁) ဈေးကြီး ကို ပြန်လည်ေ ဆာက်လုပ် ပြီးစီးသွား ပြီဖြစ်ပြီး ဖွင့်ပွဲကို ဒီဇင်ဘာ (၆) ရက် တနင်္လာနေ့က အဆိုပါ ဈေးတွင် ပြုလုပ်ရာ အရှေ့တောင်တိုင်း တိုင်းမှူး တက်ရောက် မိန့်ခွန်း ပြောကြားသည်။


ဈေးတည်ဆောက်ရာမှ ကျပ်ငွေ သိန်းပေါင်း သိန်းချီ မြတ်စွန်းခဲ့သည် ဧရာဟင်္သာ ကုမ္ပဏီသည် ရန်ကုန်မြို့မှ နာမည်ကြီး အဆိုတော်များကို ခေါ်ယူပြီး မော်လမြိုင် ဂေါက်ကလပ်တွင် တိုင်းမှူးနှင့်အတူ အောင်ပွဲခံ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခဲ့ကြောင်း မော်လမြိုင်မြို့ခံများက ပြောသည်။

မော်လမြိုင်မြို့ခံတဦးက “သူတို့ငွေတွေ အမြတ်အစွန်း အများကြီးရတော့ ခုလို ရန်ကုန်က နာမည်ကြီး အဆိုတော်တွေ ခေါ်ပြီး အောင်ပွဲလုပ်နိုင်တာပေါ့။ အဲဒီမှာ R ဇာနည်၊ ဖြိုးကြီး၊ ဂျင်းနီ၊ ချစ်သုဝေ၊ ဆုမ်သင်းပါ အဆိုတော်တွေ အများကြီးပါတယ်။ အဲဒီ ဂေါက်ကလပ်နားက ငန်းတေးကျေးရွာက လူတွေလောက်ပဲ အဲဒီပွဲသွားကြည့်ကြတယ်။ ဈေးဆိုင်ပိုင်ရှင်တွေကတော့ ဘယ်သူမှ မသွားကြဘူး။ ဘယ်သူမှလည်း သိပ်မကျေနပ်ကြဘူး” ဟု ပြောသည်။

အဆိုပါ အမှတ် (၁) ဈေးသည် မူလက ဆိုင်ခန်းပေါင်း (၁,၁၂၄) ခန်းပါ တထပ်ဈေးကြီး ဖြစ်ကာ မီးလောင်ကျွမ်းပြီးနောက် အဆိုပါဈေးကို ဗိုလ်ချုပ်ကြီးရွှေမန်း၏သားနှင့် မော်လမြိုင်မြို့မှ တိုင်းမှူးနှင့်နီးစပ်သည့် ဦးအောင်မိုးကျော် အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ စုပေါင်းထားသည့် ဧရာဟင်္သာ ကုမ္ပဏီက တည်ဆောက်ခွင့် ကန်ထရိုက်ရခဲ့သည်။

အဆိုပါ ဈေးသစ်မှဆိုင်ခန်းများ ပြန်လည်ရရှိရန်အတွက် မူလဈေးဆိုင်ပိုင်ရှင်များကို တဆိုင် ကျပ်သိန်း (၅ဝ) စီ သွင်းခိုင်းခဲ့ရာ ဆိုင်ခန်းပိုင်ရှင် အများအပြား ငွေမသွင်းနိုင်ဘဲ ရသည့်ဈေးဖြင့် ရောင်းထုတ်ကာ ဆိုင်မဲ့ဘဝ ကျရောက်ခဲ့ကြသည်။

အထည်အလိပ်ရောင်းသူတဦးက “ကျနော်တို့ အောက်ဈေးမှာ ငါးပိရောင်းသူတွေ၊ သံဖြူထုစားသူတွေ၊ ငရုပ်သီး အစိမ်းမှုန့် ရောင်းသူ၊ စာအုပ်ငှားစားသူ စသဖြင့် ဆင်းရဲတဲ့ သူတွေလည်း ပါတယ်။ သူတို့ဟာ ငွေ သိန်း (၅ဝ) ဘယ်သွင်းနိုင်ကြမလဲ။ ဒီတော့ ဈေးမပြီးခင် ရတဲ့ဈေးနဲ့ ရောင်းလိုက်ရတော့ ဆိုင်လက်မဲ့တွေ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။

ဈေးကို နှစ်ထပ်ဈေးအဖြစ် ပြန်တည်ဆောက်ပြီး ဆိုင်ခန်းပေါင်း (၁,၃၃၆) ခန်း ပါဝင်ကာ တည်ဆောက်သူများက ဆိုင်ခန်း
(၂၁၂) ခန်း ရရှိကြပြီး ကန်ထရိုက်နှင့် အာဏာပိုင်များက နေရာကောင်းသည့် အောက်ထပ်ဈေးဆိုင် အပြင်ဘက်တန်း ဆိုင်ခန်းများကို ၎င်းတို့ စိတ်ကြိုက်ယူထားကာ ယခုအခါ တခန်း ကျပ်သိန်း (၄ဝဝ) အထက် ဈေးခေါ် ရောင်းချလျက်ရှိသည်။

ယခုဈေးမီးလောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းများအတွက် ဗိုလ်ချုပ်ကြီးရွှေမန်း၏သား၊ မော်လမြိုင်မြို့ခံ အလိုတော်ရိများနှင့် အာဏာပိုင်များသာ အမြတ်ထွက်သွားသည့်အတွက် ယခုကဲ့သို့ ပျော်ပွဲရွှင်ပွဲ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း မြို့ခံများကြား ပြောဆိုနေကြသည်။

No comments: