Thursday, February 25, 2010

ဝခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည်

ပေါက်ပေါက်/ ၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

နအဖ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား အကြိမ်ကြိမ်ငြင်းပယ်နေသည့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တွေ့ဆုံရန် ယနေ့နံနက် ဗဟိုဌာနချုပ် ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့နံနက်မှ ထွက်ခွာသွားသည် ဖြစ်၍ တန့်ယန်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ လုပ်ဖြစ်မည်မဟုတ်ဘဲ မနက်ဖြန်မှသာ လုပ်မည် ဖြစ်ကြောင်း ဝခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “ဒီမနက်မှ ထွက်သွားတယ်ဆိုတော့ တန့်ယန်းကို မွန်းလွဲပိုင်းလောက်မှ ရောက်မှာ။ ကားနဲ့ (၇) နာရီလောက် သွားရတယ်။ သူနဲ့အတူ ပေါက်ယူယိနဲ့ ဗဟိုကော်မတီတချို့ ပါသွားတယ်။ ဒီနေ့လယ် (၂) နာရီလောက်ကတောင် တန့်ယန်း မရောက်သေးဘူး” ဟု ပြောသည်။

စစ်အစိုးရက ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ယမန်နှစ်၊ ဧပြီမှ စတင်ကမ်းလှမ်းပြီး ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝကိုယ်စားလှယ်အဖွဲ့နှင့် နအဖကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ဆွေးနွေးခဲ့ရာတွင် ဝတပ်ဖွဲ့ဝင်များဖြင့်သာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသနှင့် မိုင်းပေါက်ဒေသတို့အား ဝဒေသအတွင်း ထားရှိရေး စသည့်တောင်းဆိုမှုများကို ၀ဘက်က တင်ပြခဲ့သည်။

နအဖကမူ ဝတပ်ဖွဲ့၏ တောင်းဆိုချက်အား လက်မခံဘဲ ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာ နောက်ဆုံးအဖြစ်လည်းကောင်း၊ ဒီဇင်ဘာ နောက်ဆုံးအဖြစ်လည်းကောင်း စသဖြင့် ရက်ချိန်းသတ်မှတ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ ပြောဆိုနေခဲ့သည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် အဓိက တာဝန်ယူထားသူ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးလိုကြောင်း ယခုနှစ် အစောပိုင်းမှစ၍ (၃) ကြိမ် တောင်းဆိုခဲ့ရာ ကျန်းမာရေးအရ မတွေ့နိုင်ကြောင်း ငြင်းပယ်ခဲ့ပြီး ယခု စတုတ္ထအကြိမ် တောင်းဆိုမှုအား လက်ခံခဲ့ခြင်းဖြစ်သည်။

ဝတပ်ဖွဲ့အနေဖြင့် ၎င်းတို့ရချင်သည့် အခွင့်အရေးများကို မရရှိဘဲနှင့် နအဖပြောနေသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လွယ်လွယ်ကူကူဖြင့် လက်ခံမည်မထင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “ဝတပ်ဖွဲ့ပဲဖြစ်ဖြစ်၊ အခြားအပစ်ရပ်တွေပဲဖြစ်ဖြစ် လက်ခံလိုက်ရင်၊ အဲဒီအဖွဲ့ ပျက်သုဉ်းသွားရင် နောက်ထပ် တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့တခုကတော့ မုချပေါ်လာမှာပဲ။ ယနေ့ ဝတပ်ဖွဲ့လို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့အစည်း အနေနဲ့ လွယ်လင့်တကူ တောင်းဆိုတာကို လိုက်လျောမယ်လို့ မထင်ဘူး။ နှစ်ပေါင်း (၄ဝ) ကျော်ကြာ ထိန်းသိမ်းလာခဲ့တဲ့ သူတို့ရဲ့ဒေသကြီးနဲ့ လက်နက်တွေကို ပေးအပ်လိုက်မှာ မဟုတ်ဘူး။ အိမ်နီးချင်း တရုတ်နဲ့ ဆက်စပ်နေတာက တပိုင်း၊ ဝလူမျိုး အနေနဲ့ ဗမာပြည်ထဲမှာ (၄) သိန်းကျော်ရှိပြီး တရုတ်ပြည်ထဲမှာ (၃) သိန်းကျော်ရှိတဲ့အတွက် နှစ်နိုင်ငံအစိုးရနဲ့ ဝတပ်ဖွဲ့ ညှိနှိုင်းဆွေးနွေးမှသာ အဖြေမှန် ထွက်လာလိမ့်မယ်” ဟု ပြောသည်။

ဝတပ်ဖွဲ့သည် ပြည်သူ့စစ်တပ်ဖွဲ့အင်အားအပါအဝင် လက်နက်ကိုင်အင်အား (၃ဝ,ဝဝဝ) ဝန်းကျင်ရှိပြီး အင်အား (၃,ဝဝဝ) အထိ လျှော့ချကာ နအဖစစ်တပ်အရာရှိနှင့် စစ်သားများ ပါဝင်ဖွဲ့စည်းမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် နှစ်ဖက်အကြား သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။

No comments: