Friday, April 30, 2010

(၀)နှင့် မိန်းလားအဖွဲ့အတွင်းရှိ ဒေသခံများ စစ်ရေးပြင်ဆင်ထားရန် စစ်အစိုးရပြော

ဇော်ကြီး။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မြောက်ပိုင်းနှင့် အမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မ တော် (မိန်းလားအဖွဲ့) နယ်မြေအတွင်းရှိ ဒေသခံများအား ကာကွယ်ရေးအရ ပြင်ဆင်မှု ပြုလုပ်ထားရန် စစ် အစိုးရတပ်ကပြောသည်။


ရှမ်းပြည်အရှေ့ပိုင်း မိန်းခတ်မြို့နယ်အတွင်းရှိ UWSA နှင့် မိန်းလားအဖွဲ့တို့ ပူးတွဲလှုပ်ရှားရာ ဒေသအတွင်း ကျေး ရွာသားများအား ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်မှု ပြုလုပ်ထားရန် စစ်အစိုးရကပြောကြောင်း ရှမ်းသံတော် ဆင့်သတင်း အယ်ဒီတာ ဦးစိန်ကြည်က ယခုလို ပြောသည်။

“၀တပ်၊ မိန်းလားတပ်နဲ့ မျက်နှာချင်းဆိုင်ဖက်မှာ နအဖတပ်ဖက်က ဒေသခံကျေးလက်လူထုကို က တုတ်ကျင်းတွေ၊ ဘာတွေတူးထားဖို့ ညွှန်ကြားတယ်။ ဒီရက်ပိုင်းအတွင်းမှာ။ သူတို့ တပ်မိသားစုတွေ ဘယ်မှာရွှေ့ထားမလဲ၊ ဘာညာနေရာတွေဘာတွေ ရှာထားခိုင်းတယ်။ ရုတ်တရက်တိုက်ပွဲတွေ ဘာတွေ ဖြစ်လာရင်ပေါ့။”

ထိုဒေသအတွင်း မိန်းခတ်နှင့် မိန်းဖျန်ကြားရှိ လွယ်ဖာလမ်တောင်ကြောပေါ်တွင် လွန်ခဲ့သည့် ၁၅ ရက်ခန့်က တည်းက စစ်အစိုးရတပ်မှ အဝေးပစ်လက်နက်ကြီးများ သယ်ပို့ထားသည်ဟု ဆက်ပြောသည်။

ထို့အပြင် လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း သံချပ်ကာကား အစီးနှစ်ဆယ်ခန့် မိုင်းတုံမြို့ သို့ရောက်ရှိလာသည်ဟု ဒေသခံများကပြောကြောင်း ၎င်းကဆက်ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကထင်တယ်။ သံချပ်ကာကား အစီးနှစ်ဆယ်လောက် မိန်းတုံကို ရောက်လာ တယ်တဲ့။ နောက်ပြီးတော့ သံလွင်မြစ် အနောက်ဖက်ကမ်းမှာတော့ တပ်ဖျောက် ထားတဲ့ နအဖတပ် တွေ အင်အားဖြည့်လာတာ တော်တော်များများရှိတယ်ပြောတယ်။”

အလားတူ သံလွင်မြစ် အရှေ့ဖက်ခြမ်း UWSA တပ်များလှုပ်ရှားရာ တာ့ဆန်းဒေသ တ၀ိုက်တွင် ယခုရက်ပိုင်း အတွင်း စစ်အစိုးရတပ်က အင်အားပိုဖြည့်ထားသည်ဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S အဖွဲ့မှ အမည် မဖော်လိုသည့် တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

“အဲဒီမြောက်ပိုင်းဝဖက်ပဲတိုးတယ်။ စကခ ၁၆ ၀င်ထားတယ်၊ ၉၉ ၀င်ထားတယ်။ နောက် ၄၄ လား၊ ၇၇ လားမသိဘူး ၀င်ထားတာ တပ်မတစ်ခုရှိတယ်။ ပြီးတော့ ၅၅ ကအဲဒီကို ပြန်သွားမယ် ပြောတယ်။ မနည်းဘူးအဲ့ဒီဖက်မှာ တအားဖြည့်ထားတာ။”

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးယူထားသည့်အဖွဲ့များသည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ကြားရန် စစ်အစိုးရက ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုလို စစ်ရေးပြင်ဆင်မှုပြုလုပ်လာခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့များသည် နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန် လက်မခံပါက မတရား အသင်းအဖြစ် ကြေ ညာမည်ဟု စစ်အစိုးရက ဆိုသော်လည်း ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (မိန်းလားအဖွဲ့)၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီအဖွဲ့တို့မှ ဆက် လက်ငြင်းဆန်နေဆဲဖြစ်သည်။

ယခုလ ၂၂ ရက်နေ့က ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့မှ ဥက္ကဌ အပါအ၀င် ဗဟိုကော်မတီ ၁၀ ဦးကျော် တို့က ဌာနေပြည်သူ့စစ်ဖွဲ့စည်းရေးကို လက်ခံခဲ့သော်လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖက လက်မခံသေးဟု သိရ သည်။


No comments: