Sunday, May 30, 2010

မိုးကြိုမိုးနှင့် မေ (သို့) မေ ကျောက်စာတိုင်


“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးကို ဖျက်ဖို့ပဲ ရှိတယ်”


ဒေါ်အောင်ဆန်းစုကြည်
သထုံမြို့ အဖွဲ့ချုပ်ရုံး
(၁၉၈၈၊ ဒီဇင်ဘာလ)


(၁)
၁၉၈၉ ခုနှစ် ၊ မတ်လ ၁ ရက်။

န.ဝ.တ သည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ (မူကြမ်း) အား ထုတ်ပြန်ကြေညာလိုက်သည်။ အာဏာသိမ်းပြီး ၅ လနှင့် ၁၃ ရက်အကြာ၌ ဖြစ်သည်။ ကော်မရှင်တွင် တရားဝင်မှတ်ပုံတင်ထားကြသည့် နိုင်ငံရေးပါတီပေါင်းက ၂၃၅ ပါတီ ရှိ၏။ တိုင်းရင်းသားလူမျိုးစု ပါတီများ ပါ၏။ ကျောင်းသားလူငယ် အဖွဲ့အစည်းများ ပါ၏။ NLD သည် ၅ လတာကာလအတွင်း ပြည်နယ်၊ တိုင်း၊ မြို့နယ် ရပ်/ကျေးအဆင့် အဖွဲ့ချုပ်တည်ဆောက်ရေးအား န.ဝ.တ ၏ ကန့်သတ်ပိတ်ဆို့မှုများကြားမှ လုပ်ကိုင်တည်ဆောက်လျက်ရှိသည်။ SNLD ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း NLD ကဲ့သို့ပင် ရှမ်းကုန်းမြေမြင့်အား အခြေစိုက်၍ အဖွဲ့၏ တည်ဆောက်ရေးအား လုပ်ဆောင်လျက်ရှိသည်။

န.ဝ.တ လက်ထက်၌ လွယ်လွယ်ကူကူနှင့် နိုင်ငံရေးပါတီတရပ်အား တည်ဆောက်၍ ရသည်မှာ တ.စ.ည ခေါ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီတရပ်သာ ရှိသည်။ တ.စ.ည က ယခင် မဆလမှ အမည်ပြောင်းထားသည့် အဖွဲ့အစည်း ဖြစ်၏။ နိုင်ငံတော် အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် မဆလ ပါတီ၏ ပိုင်ဆိုင်မှုများအား နိုင်ငံတော်ပိုင်အဖြစ် မသိမ်းယူခဲ့….။ တ.စ.ည အား ဆက်ခံသုံးစွဲခွင့် ပေးထား၏။ မဆလ ပိုင် ရုံးအဆောက်အဦးများ၊ ဘဏ္ဍာငွေကြေး …. အားလုံးအား တ.စ.ည သည် သိမ်းပိုက်ဆက်ခံနေ၏။

န.ဝ.တ ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေ (မူကြမ်း) ၌ …. လွှတ်တော်ခေါ်ယူပေးမည့် နေ့ရက်မပါ။ အာဏာလွှဲပြောင်းပေးမည့် အစီအစဉ်ဟူ၍လည်း မပါရှိ။ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲဥပဒေ (မူကြမ်း) နှင့် ပတ်သက်၍ အကြံပြုကြ၏။ ဖြည့်စွက်သင့်သည်များ၊ ပယ်ဖျက်ရမည်များအား တင်ပြကြ၏။ သို့သော် …. န.ဝ.တ က အကြံပြုတင်ပြချက်များအား လျစ်လျူရှုပစ်ပယ်ခဲ့ပြီး …. မူကြမ်းကိုပင် အတည်အဖြစ် ထုတ်ပြန်ခဲ့တော့၏။


(၂)
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၁၉၉ဝ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု န.ဝ.တ က ကြေညာလိုက်သည်။ ပြီးလျှင် …. ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ကြေညာချက်အမှတ် ၃၂၆ ကို ထုတ်ပြန်ကြေညာပြန်၏။ ကြေညာချက်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းရန်၊ စိစစ်ရန်၊ ရုပ်သိမ်းရန် နေ့ရက်များအား ဖော်ပြထား၏။ ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့် နေ့ရက်က …. ၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီလ ၃ ရက်နေ့ ….။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများအတွက် အကျပ်တွေ့စေ၏။ န.ဝ.တ ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေက ဘာမျှမရေရာ ….။ ရွေးကောက်ပွဲပြီးလျှင် …. လွှတ်တော်ခေါ်ယူပေးမည့် နေ့ရက်။ အာဏာလွှဲပြောင်းရေးအစီအစဉ် …. ဟူ၍ မပါရှိ …။ ဤဥပဒေနှင့် န.ဝ.တ ပြုလုပ်မည့် ရွေးကောက်ပွဲအား ဝင်သင့်၊ မဝင်သင့် …… စဉ်းစားဆုံးဖြတ်ရမည်။ ဝင်မည်ဆိုပါက …. အဖွဲ့အစည်းအား ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရမည်။ အချိန်က မရှိ …။ ၅၄ ရက်သာ ရှိ၏။

(၃)
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။
NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုဦးစီးတို့ ပူးတွဲအစည်းအဝေးအား အနောက်ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်၌ ကျင်းပသည်။ အစည်းအဝေးခေါင်းစဉ်က တခုတည်း ….။ NLD အနေနဲ့ ရွေးကောက်ပွဲဝင်မလား၊ မဝင်ဘူးလား …..။

NLD ၏ ခေါင်းဆောင် အတော်များများအား န.ဝ.တ က ဖမ်းဆီးထိန်းသိမ်းထားသည်။ အစည်းဝေးသို့ မတက်ရောက်နိုင်။ သဘောထား မပေးနိုင်ကြ။ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့က နေအိမ်အကျယ်ချုပ်နှင့် ….။ ဦးဝင်းတင်၊ ဦးထွန်းတင်၊ ဦးဘသော် (ဆရာမောင်သော်က) တို့သည်လည်း အင်းစိန်ထောင်အတွင်း၌ ….။

ရွေးကောက်ပွဲဥပဒေအား အဓိကထောက်ပြ၍ ရွေးကောက်ပွဲ မဝင်သင့်ကြောင်း အချို့က ဆွေးနွေးကြသည်။ အမိန့်အမှတ် ၂/၈၈ နှင့် ၈/၈၈ တို့ကိုလည်း စစ်အုပ်စုသည် မရုပ်သိမ်းသေး ….။ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းထားသည်။ ဤနိုင်ငံရေးဝန်းကျင်အောက်၌ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိမည်မဟုတ် …..။ ဤသို့ဖြင့် မဝင်သင့်ကြောင်း တင်ပြကြ၏။ အချိန်သည် တရွေ့ရွေ့နှင့် ကုန်လွန်လာ၏။ အစည်းဝေးသည် ရှေ့မတိုး၊ နောက်မဆုတ်။ ဆုံးဖြတ်ရန် ခက်ခဲ၍နေ၏။ နောက်ဆုံး ….။

“ပြည်သူလူထု၏ ဆန္ဒကို အသိအမှတ်ပြု အလေးထားသည့်အနေဖြင့် ရွေးကောက်ပွဲအား ဝင်မည် …”

ဤနေ့တွင်ပင် NLD က ကြေညာချက်တစောင်အား ထုတ်ပြန်ခဲ့၏။

“---- ဒီမိုကရေစီစနစ်ကို ယုံကြည်သည့်အားလျော်စွာ၊ မြေပေါ်မြေအောက်၊ လှုပ်ရှားမှုလမ်းစဉ်နှင့် လက်နက်စွဲကိုင်လမ်းစဉ်များသည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် နည်းလမ်းများမဟုတ်ဟု အခိုင်အမာ ယုံကြည်သည်။ ဤသို့သဘောထားခံယူချက်များကို လက်ခံထားသည့်အတိုင်း NLD သည် ၁၉၉ဝ ခုနှစ် မေလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ပြည်သူလူထု၏ ဆန္ဒကို အထူးလေးစားစွာ ခံယူမည်ဖြစ်ကြောင်း ကြေညာအပ်သည် ….”


(၄)
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။
NLD သည် ရွေးကောက်ပွဲတွင် ဝင်ရောက်၍ ပြည်သူလူထု၏ အဆုံးအဖြတ်အား ခံယူမည်ဖြစ်ကြောင်း ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့၏။ သို့သော် …. အဖွဲ့ချုပ်အတွင်း၌မူ တစုံလုံး ကျခြင်းမျိုးမဟုတ် ….။ ဝင်သင့်၊ မဝင်သင့်ကို ဆွေးနွေးဆဲ ….။ ငြင်းခုန်ဆဲ ….။ အယူအဆများက မတူကွဲပြားစွာ ရှိနေဆဲ ….။ အချို့ အဖွဲ့ချုပ်ဝင်များက အဖွဲ့ချုပ်၏ ပါတီတွင်း ဒီမိုကရေစီအား လေးစားလက်ခံကြသည်။ NLD အနေနှင့် ရွေးကောက်ပွဲဝင်ရေး လုပ်ငန်းစဉ်၌ လိုက်ပါဆောင်ရွက်ကြမည်။ သို့သော် …. မိမိပုဂ္ဂလိကအနေနှင့်မူ NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ် မခံကြ။
၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်၏။ တင်သွင်းလွှာနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲအား သူမ ဝင်ရသည့်အကြောင်းအား စာရေးပို့၏။

“တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်စွက်လိုသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူလူထုကြီး၏ ဇွဲ၊ သတ္တိတို့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူ တဦးအဖြစ် အမည်စာရင်းတင်သွင်းပါသည်”

(ဒေါ်အောင်ဆန်းစုကြည်)


(၅)
၁၉၉ဝ ခုနှစ်၊ မေလ ၂၇ ရက်။ တနင်္ဂနွေနေ့။
တနိုင်ငံလုံး မဲဆန္ဒနယ်မြေ ၄၈၅ နေရာ၌ ရွေးကောက်ပွဲများအား ကျင်းပသည်။ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီပေါင်းက ၉၃ ပါတီ…။ နိုင်ငံရေးပါတီများ၏ ကိုယ်စားပြု ကိုယ်စားလှယ်ပေါင်းက ၂၂ဝ၉ ဦးရှိပြီး၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များက ၈၇ ဦး ဖြစ်သည်။ မဲဆန္ဒနယ် ၄၈၅ နေရာတွင် အဖွဲ့ချုပ်က ၃၉၂ နေရာ အနိုင်ရရှိခဲ့၏။ လူထုက .. နှလုံးသည်းပွတ်တို့အား စုပုံ၍ ထပ်လိုက်ကြခြင်း …..။

မေသည် ပြည်သူလူထု၏ နှလုံးခုန်သံတို့နှင့် လှပ၍နေ၏။ ကောင်းကင်သည် ညိုပြာရောင်၊ ငွေသားရောင်၊ ပုဇွန်သွေးရောင် …. ပတ္တမြားသွေးရောင်…. တရစ်ပြီး တရစ်ပြောင်း၍နေသည်။

မေဦးမိုးက စောစီးစွာနှင့် ဝင်လာ၏။ မိုးကြိုမိုးနှင့် မေသည် ပိတောက်ရနံ့ သင်း၍နေသည်။

No comments: