Thursday, August 26, 2010

ဓါးပြ နှစ်ဦး နစကဌာန ချုပ်တွင် ကွပ်မျက်ခံရ

တာကလူး

ရခိုင်ပြည်နယ် မောင်တောရှိ ကျီးကန်းပြင် နစကဌာနချုပ်တွင် ဖမ်းဆီး ထိန်းသိမ်း ထားသည့် ဓါးပြ နှစ်ဦးကို ယခုလ ၂၃ ရက် တနင်္လာနေ့ ညနေပိုင်း အချိန်တွင် ဌာနချုပ် အတွင်း၌ ကွပ်မျက် လိုက်ပြီ ဖြစ်ကြောင်း မျက်မြင် နစက သတင်းရင်းမြစ် တစ်ခု အရ သိရသည်။

၎င်းဓါးပြနှစ်ဦးမှာ မိုဟာမတ် (၃၀)နှစ်နှင့် ကာချမ် (၂၈)နှစ်တို့ဖြစ်ကြသည်။ သူတို့ကို ယခုလ (၁၆) ရက်နေ့တွင် မေယု တောင်တန်း အတွင်း မူဆလင် အမျိုးသမီးများ ၀တ်ဆင်သည့် ခေါင်းမြီးခြုံ ဘူရခါကို ၀တ်ဆင်ပြီး ဖြတ်သန်း သွားလာစဉ် အာဏာပိုင် ပြုလုပ်နေသော ဓါးပြ စစ်ဆင်ရေး တပ်ဖွဲ့ တဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါဓါးပြနှစ်ဦးကို ကွပ်မျက်လိုက်ပုံနှင့် ပတ်သတ်၍ ၄င်းသတင်းရင်းမြစ်က ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

“အဲဒီ ဓါးပြနှစ်ဦးကို စုံစမ်းစစ်ဆေးချက်အရ ဓါးပြဖြစ်ကြောင်း သေချာတဲ့အတွက် လိုအပ်တာတွေကို စစ်ဆေး မေးမြန်း ပြီးတာနဲ့ သတ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ကို သတ်လိုက်တာက တနင်္လာနေ့ ညနေ ဆယ်နာရီ လောက်မှာပဲ ဖြစ်ပါတယ်။ နစက ဌာနချုပ်မှာ ရှိတဲ့ ကုန်း (၄) ကင်းစခန်းနားမှာပါ။ သူတို့ရဲ့ မျက်နှာတွေကို ချုပ်ထားပြီး လက်ခြေတွေကိုလဲ ကြိုးနဲ့ တုတ်ထား ပြီးတော့ ဆောင့်ကြောင့် ထိုင်ခိုင်းပြီး နောက်စိကို ဒုတ်နဲ့ ရိုက်ပြီး သတ်လိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဓါးပြနှစ်ဦး၏ အလောင်းကို အဆိုပါ နစကဌာနချုပ်ရှိ ကုန်း(၄) ကင်းစခန်း တောင်ခြေ အောက်တွင် မြှပ်နှံလိုက်ကြောင်း ၄င်းသတင်းရင်းမြစ်က ဆက်ပြောခဲ့သည်။

သူတို့ကို ဖမ်းမိပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသည့် မောင်တော အမှတ်(၅) ရပ်ကွက်မှ ရယက အတွင်းရေးမှူးဟောင်း နူအာလာမ် (၄၈)နှစ်ကိုမူ ယခုအချိန်ထိ နစကဌာနချုပ်တွင် ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရသည်။

၎င်းသတင်းရင်းမြစ်၏ အဆိုအရ ၄င်းဓါးပြများမှာ ယခုလ (၉) ရက်နေ့ ညသန်းခေါင်အချိန်တွင် မောင်တောမြို့အနီးရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်နေကြသည့် ကျေးရွာကို လက်နက်ကိုင် ဓါးပြတိုက်ခဲ့ကြပြီး နောက်ပိုင်း လူစုကွဲသွားခဲ့သည်။

အင်အား ၂၀ ကျော်ခန့်ပါသည့် အဆိုပါ ဓါးပြအုပ်စု၏ ထက်ဝက်ခန့်မှာ နစက နယ်မြေ အမှတ် ၇ ရှိရာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ဘက်သို့ ထွက်ပြေး သွားကြပြီး ကျန်ထက်ဝက်မှာ မေယုတောင်တန်းကို ကျော်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ပြန်ထွက်ပြေး သွားခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ပြန်သွားသည့် ဓါးပြအုပ်စုသည် အပြန်လမ်းတွင် မေယုတောင်တန်း ငွေတောင် ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းကိုလည်း ဓါးပြတိုက်ခဲ့ကြပြီး ကျောင်းထိုင်ဘုန်းကြီးကိုလည်း လက်ပြန်ကြိုး တုတ်ပြီး ကျောင်းပေါ်တွင် ပစ်ထား ခဲ့ကြကြောင်း ဒေသ သတင်း ရပ်ကွက်အရ သိရသည်။

၎င်းဖမ်းဆီးခံခဲ့ရသည့် ဓါးပြနှစ်ဦးမှာ ကင်းတာဝန် ကျနေခဲ့သူများ ဖြစ်ကြပြီး ဓါးပြ ၀င်တိုက်စဉ် ကျေးရွာသားများမှ ပြန်လည် ခုခံခဲ့မှုကြောင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း တပ်ဆုတ် ကြရရာတွင် အုပ်စု ကွဲသွားကြပြီး သူတို့နှစ်ဦးတည်း ကျန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေသခံ ပြည်သူများ၏ ပြောကြားချက်အရ မောင်တောတွင် ဓါးပြတိုက်မှုတိုင်းမှာ ဓါးပြများသည် နယ်ခြားစောင့် နစက တပ်ဖွဲ့ဝင်များကဲ့သို့ ဧည့်စစ်ဆေးရေး ပုံစံမျိုး ပြုလုပ်ကာ ၀င်ရောက်လာပြီး ဒေသခံများ၏ နေအိမ်များကို သေနတ်ပြ ဓါးပြ တိုက်ခဲ့ကြခြင်း ဖြစ်သည်။

တချို့ဓါးပြတိုက်မှုများတွင် ဓါးပြများမှာ နစက ယူနီဖောင်းများ ၀တ်ဆင်ထားပြီး၊ နစကကဲ့သို့ သေနတ်များ ကိုင်ဆောင် ပါရှိကြောင်း ဓါးပြတိုက်ခံခဲ့ရသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့သည့် ဓါးပြများကို လူသိရှင်ကြား တရားစီရင်ခြင်းမရှိဘဲ တိတ်တဆိတ် သုတ်သင်လိုက်ခြင်းမှာ နစကတချို့ အဆိုပါ ဓါးပြများနှင့် ဆက်စပ်မူ ရှိနေသည်မှာ သေချာသည့် အတွက် ဖြစ်သည်ဟု ဒေသခံများ အကြား ပြောဆိုနေကြကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၀၉- နှစ်လယ်ပိုင်းမှ စ၍ လက်ရှိအချိန်ထိ မောင်တောနှင့် ဘူးသီးတောင်တွင် နစက အယောင်ဆောင် ဓါးပြတိုက်မှုပေါင်း ၅၀ နီးပါးခန့် ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

No comments: