Wednesday, October 27, 2010

အန်အယ်လ်ဒီ လူငယ်များ မဲမပေးရေး ကန်ပိန်း ပြုလုပ်

အောင်ထက် / ၂၇ အောက်တိုဘာ ၂၀၁၀

လာမည့် ရွေးကောက်ပွဲတွင် ပြည်သူတို့က မဲမပေးရေး ကန်ပိန်း တရပ်ကို ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက် (၈) နာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်ဟု ကန်ပိန်းတွင် ပါဝင်သူ လူငယ်တဦးက ပြောသည်။

“သင်္ကန်းကျွန်းမြို့နယ်၊ စံပြဈေးအတွင်းနဲ့ ဈေးဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပို့စ်ကတ်လေးတွေနဲ့ သြဂုတ် (၂၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ကိုယ်ကြိုက်တဲ့ ပါတီ မပါရင် မဲမပေးဘဲ နေလိုက်ပါ။ ရွေးကောက်ပွဲ ဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှု တွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်ဆိုတဲ့ မိန့်ဟ စကားတွေပါတဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေတယ်” ဟု အန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်များ လိုက်လံ စောင့်ကြည့်နေသည့်ကြားမှပင် အန်အယ်လ်ဒီ လူငယ် (၃၀) ခန့်က ထင်သာမြင်သာစွာ၊ ရိုးရှင်း ပွင့်လင်းစွာပင် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်ဟု သိရသည်။

“တချို့က လိုလိုလားလား တောင်းယူကြတယ်။ တချို့က ကြောက်လို့ မယူရဲကြဘူး။ အခု နံနက် (၁၁) နာရီမှာ တောင်ဥက္ကလာပမြို့နယ်၊ ဟေမ၀န်ဈေးအတွင်းနဲ့ အပြင်က ဈေးဆိုင်တန်းတွေ၊ ဈေးဝယ်တွေကို လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်” ဟု အဆိုပါအန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။

ယခု လိုက်လံဝေငှနေသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပို့စ်ကတ်ပေါ်တွင် `မဲပေးပိုင်ခွင့် ရှိသလို မဲမပေးဘဲ နေပိုင်ခွင့် ရှိတယ်´ ဟု ဖော်ပြထားသည်။

လက်ကမ်းစာစောင်ပေါ်တွင်မူ `ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်´ ဟု လည်းကောင်း၊ `အတင်းအကြပ် ခြိမ်းခြောက် မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ကျူးလွန်သူ ဖြစ်သည်´ ဟု လည်းကောင်း၊ `ခြိမ်းခြောက်ပြီး မဲပေးခိုင်းခြင်းသည် ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်´ ဟု လည်းကောင်း၊ `ကြိုတင်မဲကို အတင်းပေးခိုင်း၍ မရ၊ လျှို့ဝှက်စွာ ပေးရမည်၊ မပေးဘဲလည်း နေနိုင်သည်´ ဟု လည်းကောင်း ဖော်ပြထားပြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ နည်းဥပဒေများပါ ပုဒ်မများနှင့် ဖော်ပြပုံနှိပ်ထားသည်ဟု သိရသည်။

No comments: