Wednesday, December 22, 2010

ပြည်ပပို့ သစ်တောခွန် တိုးမြှင့် ၊ ကျောက်ဆည်တွင် လာဘ်ယူပြီး အခွန်လျှော့ယူ

သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ သစ်တောဝန်ကြီးဌာနက ပြည်ပပို့ကုန် သစ်တောထွက်ပစ္စည်းများအပေါ် အခွန်နှုန်း တိုးမြှင့် ကောက်ခံနေ သော် လည်း မန္တလေးတိုင်း ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနက လာဘ်ငွေယူ၍ ယခင်အခွန်နှုန်းများ အတိုင်း ကောက်ခံနေကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း သစ်တောထွက်ပစ္စည်း အခွန်များကို ၂ ကျပ်မှ ၇၅ ကျပ်အထိ ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မှစတင် တိုးမြှင့် ကောက်ခံခဲ့ကြောင်း သစ်တော ၀န်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယခင် ဖာလာစေ့ (တစ်ကီလို) (ကျပ်) ၂၀ ၊ ရှားစေး ၁၈ ၊ ကြောင်ပန်းစေ့ ၇ နှင့် သရက်ပြား ၁ကျပ် ၈၀ ပြား သတ်မှတ် ကောက်ခံ နေရာမှ လွန်ခဲ့သည့်နှစ်မှစ၍ ဖာလာစေ့ (ကျပ်) ၁၅၀ ၊ ရှားစေး ၇၅ ၊ ကြောင်ပန်းစေ့ ၆၀ နှင့် သရက်ပြား ၆၀ အထိ အသီးသီး ပြောင်းလဲ ကောက်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ပြောင်းလဲလိုက်သော်လည်း ကျောက်ဆည်ခရိုင်သစ်တော ဦးစီးဌာနက တရုတ်နယ်စပ်ဘက် တင်ပို့သည့် သစ်တော ထွက်ပစ္စည်းများ အခွန်ကောက်ရာတွင် အခွန်၏ ၃ ချိုး ၁ ချိုးကို လာဘ်ငွေယူ၍ မူလသတ်မှတ် အခွန် နှုန်း အတိုင်းကောက် ခံနေသည်ဟု သူက ဆိုသည်။

“တခြားမြို့တွေမှာတော့ အခုသတ်မှတ်တဲ့ အတိုင်းပဲ ကောက်တာပေါ့ ဒါပေမဲ့ ကျောက်ဆည်ခရိုင်သစ်တောရုံးက နေပြီး တော့ အရင်ဈေးအဟောင်းအတိုင်းပဲ လာဘ်ငွေယူပြီးကောက်တုန်းပေါ့နော် အဲဒါကိုလုပ်ပေးတာက ဦးအောင်မြင့် မန္တလေး တံတားဦးမြို့နယ်က သူက သစ်တောရုံးချုပ်က ညွန်ကြားရေးမှူး ဦးမောင်မောင်ကျော်ရဲ့တူ နောက် ဦးသောင်းအေး နှစ် ယောက် ကလုပ်ပေးတာပေါ့” ဟု ဆိုသည်။

မန္တလေးမှ တရုတ်နယ်စပ်ဘက် ကုန်များသယ်ရာတွင် ဦးအောင်မြင့်နှင့် ဦးသောင်းအေးတို့နှစ်ဦးပိုင် ကုန်ကား များဖြင့်တင်ပို့မှသာ ထိုသို့ဆောင်ရွက်ပေးကြောင်း သိရသည်။

“ဒီနှစ်ယောက် ကိုပဲလုပ်ပေးတာ ကျန်တဲ့သူတွေသွားရင် နဂိုဈေးအတိုင်းပဲပေါ့နော် မန္တလေးကနေကုန်သည် တွေလာပြီ ဆိုရင် သူတို့ကားနဲ့တင်ပေးတာပေါ့နော် ၃ ချိုး ၁ ချိုးမှာ သူတို့က တချိုးယူတယ်ဗျာ ကျောက်ဆည် သစ်တောရုံးကို တစ်ချိုး ပေးတာပေါ့ ” ဟု ဆိုသည်။

No comments: