ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဘာသာ ပြန်ထားသော “ အကယ်၍” ကဗျာကို တောင်ကုတ်မြို့တွင် လူငယ်များက ဖြန့်ဝေခဲ့ကြသည်ဟု သတင်း ရရှိသည်။
“ အကယ်၍” ကဗျာကို ဖြန့်ဝေခဲ့သူ လူငယ် တစ်ဦးက “ ဒီကဗျာက လက်ရှိ မြန်မာနိုင်ငံရေး အခြေနဲ့ အထူးကိုက်ညီနေပြီ ဒီကဗျာက လူတိုင်းကို အားဖြစ်စေတဲ့ အတွက် ဒေါ်စုရဲ့ “ အကယ်၍” ကဗျာကို မိတ္တူးပြီး ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
တောင်ကုတ်လူငယ်များက အဆိုပါ ကဗျာကို တောင်ကုတ်မြို့ဈေးထဲတွင် နံနက် အစောပိုင်းတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ အခုအချိန်ထိ တောင်ကုတ်မှာ ထောက်လှမ်းရေးနဲ့ ရဲက နိုင်ငံရေး လူပ်ရှားသူတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မွေးနေ့ ဖြစ်တဲ့ ဒီနေ့မှာ အသင့် မိတ္တူ ကူးထားတဲ့ ဒေါ်စု ဘာသာ ပြန် ရေးဖွဲ့ထားတဲ့ “ အကယ်၍” ကဗျာ စာရွက် ၅၀ နီးပါးကို ဈေးထဲမှာ ဖြန့်ဝေ တာတွေ ပြုလုပ်သလို နံရံတွေမှာ ကပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ လုံခြုံရေး အရ မြို့မ ဈေးကြီး တစ်ခုထဲမှာဘဲ ပြုလုပ်ခဲ့ကြပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုအချိန်ထိ အဆိုပါ ကဗျာ ဖြန့်ဝေမူနှင့် ပတ်သက်ပြီး အာဏာပိုင်များဘက်မှ တစုံတရာ လိုက်လံ စုံစမ်းခြင်း မရှိသေးသလို မေးမြန်းမူများလည်း မရှိသေးကြောင်း သူက ပြောသည်။
“ မေးမြန်း စုံစမ်းရင် သတင်းကြီးသွားနိုင်တဲ့ အတွက် အာဏာပိုင်တွေ ဘက်ကတော့ ငြိမ်နေတာကို တွေ့ရပါတယ်။ အခုအချိန်ထိတော့ တစုံတရာ ထူးထူးခြားခြားဆောင်ရွက်တာကို မတွေ့ရသေးဘူး။ ကျွန်တော်တို့လည်း တောင်ကုတ်မှာ လူပ်ရှားမူတွေ ရပ်နေတဲ့ အတွက် အစိုးရသစ်တွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို စမ်းသပ်ကြည့်တဲ့ သဘောပါ။ ဆက်လက်ပြီး ကမ်းပိန်းတွေကို ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ပြောသည်။
လွန်ခဲ့သော ပြည်ထောင်စုနေ့ကလည်း တောင်ကုတ် လူငယ်တချို့မှ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် ဖေါင်တော်ဦး ဘုရားသို့ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
တောင်ကုတ်မှာ မြန်မာ့ စစ်အစိုးရအား ဆန့်ကျင် ပုန်ကန်ရာတွင် ထိပ်ဆုံးက ပါဝင်ခဲ့သော မြို့ဖြစ်သဖြင့် စစ်အာဏာပိုင်များက နိုင်ငံရေး လူပ်ရှားသူများကို အနီးကပ် စောင့်ကြည့်နေသော်လည်း မြန်မာ ပြည်သူ လူထု တရပ်လုံး စစ်အာဏာရှင်များ လက်အောက်မှ လွှတ်မြောက်ရေး အတွက် ဆက်လက်ပြီး တစ်ခုပြီး တစ်ခု အစီအစဉ်များ ပြုလုပ်ကာ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အဆိုပါ လူငယ်က ပြောကြားသည်။
တောင်ကုတ်မြို့တွင် ဖြန့်ဝေခဲ့သော �အကယ်၍�ကဗျာမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
(အကယ်၍)
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍၏
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။)
No comments:
Post a Comment