Sunday, March 20, 2011

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် လူမျိုးစုအမြင်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ စာတမ်း

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကြိုတင်အခြေအနေများလိုအပ်ပါသည်။ ဤအခြေအနေများသည် (ဆင် မြူယယ်လ် ဟန်တင်တန် ခွဲခြားပြသည့်အတိုင်းပင်) ဒီမိုကရေစီသို့ ဦးတည်သော တခုနှင့်တခု မတူကွဲပြားသည့် လှိုင်းအဆင့်ဆင့်ဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြာင်းရေး ပထမလှိုင်းကာလအတွင်း၌ တိုးတက်ဖွံ့ဖြိုးသော အနောက်နိုင်ငံအများစုသည် မိမိတို့၏လူ့အဖွဲ့အစည်းများကို ဒီမိုကရေစီလူ့အဖွဲ့အစည်းများအဖြစ်သို့ပြောင်းလဲ ခဲ့ကြသည်။

ဤတွင် အခြေအနေ(၃) ရပ် လိုအပ်ပါသည်။ ၄င်းတို့မှာ (၁) အမှီအခိုကင်းသော လူလတ်တန်းစား ပေါ်ပေါက်ရာ ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေး။ (၂) သီးခြားလွတ်လပ်စွာ စည်းရုံးလှုံ့ဆော်သော အရပ်သား အဖွဲ့အစည်းများ။ (၃) စနစ်တကျ ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းများက စေ့စပ်ဆွေးနွေးခြင်းနည်းဖြင့် ပဋိပက္ခနှင့် ပြဿနာများ ဖြေရှင်းသော ဒီမိုကရေစီ ယဉ်ကျေးမှုတို့ ဖြစ်သည်။ တတိယ ကမ္ဘာ့နိုင်ငံ တနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှာ ဤကဲ့သို့သော ကြိုတင်အခြေအနေများ မရှိချေ။ အပေါင်းအပါတစု ကြီးစိုးနေသော စီးပွားရေးစနစ်ဖြင့် ဖွံ့ဖြိုးမှု အနိမ့်ဆုံးတိုင်းပြည် ဖြစ်သည်။ အရပ်သားအဖွဲ့အစည်းများ ဆိုသည်ကလည်း အကြီးအကျယ် ချုပ်ချယ်ကန့်သတ် ခံနေရပြီး၊ နိုင်ငံရေးယဉ်ကျေးမှုကလည်း တဘက်နှင့်တဘက် အပြတ်ရှင်းရေး အတိုက်အခံနိုင်ငံရေး ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းရေးတွင် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တရပ် လိုအပ်နေသည်ဟု ကျနုပ်တို့ ယုံကြည်မိပါသည်။

ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးတွင် ပညာရှင်များ လက်ခံသဘောတူထားသော လမ်း (၂) သွယ် ရှိပါသည်။ ၄င်းတို့မှာ အုပ်စိုးသူ ပြောင်းလဲရေးနှင့် လူ့အဖွဲ့အစည်း ပြောင်းလဲရေးတို့ ဖြစ်သည်။ (၁၉၇၄) ခုနှစ်၊ ပေါ်တူဂီနိုင်ငံမှအစ နိုင်ငံအများအပြား၏ “တတိယလှိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ” ကို အခြေခံသော လေ့လာချက်တရပ်က ဆိုထားသည်မှာ လူ့အဖွဲ့အစည်း ပြောင်းလဲမှုနှင့် တပါတည်း အုပ်စိုးသူပြောင်းလဲမှုကို မဆောင်ကျဉ်းနိုင်သော တိုင်းပြည်တပြည်၌ ဒီမိုကရေစီသည် ပျမ်းမျှခြင်းအားဖြင့် (၁ဝ) နှစ်ခန့်သာ တာရှည်နိုင်သည်ဟူ၍ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ (၁၉၈၈) ခုနှစ် လူထုအုံကြွမှုကြီးသည် အုပ်စိုးသူ ပြောင်းလဲရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း ထိုစဉ်က တိုင်းပြည်၏ ခေါင်းဆောင်မှုကြောင့် လူထုလှုပ်ရှားမှုကြီးသည် လမ်းပေါ်က နိုင်ငံရေးကို ဆွေးနွေးပွဲဆီသို့ မဆောင်ကျဉ်းနိုင်ခဲ့ဘဲ ရှိခဲ့ရာ၊ ရည်မှန်းချက် မပေါက်မြောက်ခဲ့ချေ။ အရေးတော်ပုံကြီးသည် အုပ်စိုးသူနှင့် အတိုက်အခံတို့ ပူးတွဲ၍ ရှေ့ချီသည့် “သဘောတူညီထားသော အသွင်ကူးပြောင်းရေး” နည်းလမ်းဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲရန် အခွင့်အရေးပင် ဆုံးရှုံးခဲ့ရချေသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ယခုအခါ၌ စစ်အုပ်ချုပ်ရေးမှသည် မည်ကာမတ္တ ပါလီမန်စနစ်သို့ နိုင်ငံရေးအသွင်ကူးပြောင်းမှုလမ်းကို လျှောက်လှမ်းနေတော့သည်။ ပါဝင်ပတ်သက်သူအားလုံးအား အာဏာလက်ရှိ စစ်အစိုးရက ချမှတ်ပေးသည့်အတိုင်း စခန်းသွားစေသော “ချမှတ်ပေးထားသည့် အသွင်ကူးပြောင်းမှု” ဖြင့် လျှောက်လှမ်းနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လောလောဆယ်၌ အုပ်စိုးသူပြောင်းလဲမှုကို ဆောင်ကျဉ်းရန် မဖြစ်နိုင်ချေ။ သို့ဖြစ်သည့်တိုင် လူ့အဖွဲ့အစည်း ပြောင်းလဲမှုသို့ တက်လှမ်းရန် အခွင့်အလမ်းများ (အသုံး ချရန် အဆင်မပြေနိုင်သော အခွင့်အလမ်းများလည်း ဖြစ်နိုင်ပါသည်) ရှိနေပါသည်။ ဤသည်မှာ စစ်တပ်ချပေးထားသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ကျနုပ်တို့ ပါဝင်ရခြင်း၏ အကြောင်းအချက်တချက် ဖြစ်ပါသည်။

ရည်မှန်းချက်များတွင် မွန်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဥပဒေဘောင်အတွင်း အဖွဲ့အစည်းများ၏ နိုင်ငံရေး အဆင့်နေရာ ကတိမ်းကပါး ဖြစ်ပြီးချိန်တွင် မွန်ပြည်သူတို့၏ လက်ကျန် နိုင်ငံရေးအင်အားစုများ ဆက်လက်ရှင်သန်ရေးလည်း အပါအဝင် ဖြစ်ပါသည်။ တချိန်က အာဏာရ ဒီမိုကရေစီအစိုးရနှင့် မွန်နိုင်ငံရေး အဖွဲ့အစည်းတို့အကြား ပြည်တွင်းစစ်ပွဲသည် (၁၉၄၈) ခှုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ပြန်လည်ရရှိပြီး (၈) လ အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သည့်နောက်ပိုင်းတွင် မွန်ပြည်သူတို့သည် အဆက်ဆက် အာဏာရအစိုးရများနှင့် စစ်အစိုးရများ၏ ပြည်တွင်းစစ် ဝန်ထုပ်ဝန်ပိုးဒဏ်ကို ခံလာခဲ့ရချေသည်။ လူမျိုးတမျိုးအဖြစ် တည်ရှိမှု၊ မိသားစုဘဝများ၊ စီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရကာ၊ မွန်ပြည်သူတို့၏ လူမှုစီးပွားရေး အနေအထားသည် အိမ်နီးနားချင်း လူ့အဖွဲ့အစည်းများထက် နောက်ကျကျန်ရစ်ခဲ့သည်။ သို့ဖြစ်ရာ မည်သည့် အကွက်အကွင်း ပေါ်လာသည်ဖြစ်စေ၊ ဤအကွက်အကွင်းသည် မည်မျှသေးငယ်သည်ဖြစ်စေ နာကျင်ခံစားရခက်သော ဖိနှိပ်မှုများနှင့် အညှာအတာကင်းသော စီးပွားရေး သွေးစုပ်မှုများအောက်မှာ ရာစုနှစ်ဝက်ကျော်မျှ လျစ်လျူရှုထား ခံခဲ့ရသော ကျနုပ်တို့ ပြည်သူများ၏ အကျိုးအတွက် ကျနုပ်တို့သည် ဤပေါ်လာသမျှ အဆင်မပြေနိုင်သော အခွင့်အလမ်းများကိုပင် အမိအရ ဆုပ်ကိုင်ထားရမည် ဖြစ်ပါသည်။

ဒဏ်ခတ် ပိတ်ဆို့မှု ပြဿနာ

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပတ်သက်၍ ကျနုပ်တို့ နားလည်ထားသည်မှာ ဖိနှိပ်သော အစိုးရကို ပြစ်ဒဏ်ပေးသော နည်းလမ်းတရပ် ဖြစ်ပြီး၊ နောက်ဆုံးအနေနှင့် အုပ်စိုးသူ ပြောင်းလဲရေးကို ဦးတည်ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပတ်သက်သော ငြင်းခုန်ဆွေးနွေးမှုများသည် ယနေ့တွင် ပို၍ပို၍ ပြင်းထန်လာခဲ့ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုကို လိုလား၏၊ မလိုလား၏ ဆိုသည်ကို ကျနုပ်တို့ ဝင်ရောက်ပြောဆိုမည် မဟုတ်ပါ။ သို့ရာတွင် ဤဒဏ်ကို အုပ်စိုးသူ အစိုးရသာမက သာမန်ပြည်သူတို့ပါ ခံနေရကြောင်းကို ကျနုပ်တို့ ဖေါ်ပြလိုပါသည်။ အစိုးရနှင့် ၄င်း၏ အပေါင်းအပါများအဖို့ ဤဒဏ်သည် မပြောပလောက်သော်လည်း ဆင်းရဲ ကျပ်တည်းသော ပြည်သူလူထုကြီး၊ အထူးသဖြင့် အစွန်အဖျားဒေသများတွင် နေထိုင်နေကြသော လူမျိုးစု ပြည်သူတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် ပြဿနာတခု ဖြစ်နေသည်ကား အမှန်ပင် ဖြစ်ပါသည်။

ဒဏ်ခတ်ပိတ်ဆို့မှုသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ပြုနေကာ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည့် တွန်းအားဖြစ်သော သီးခြားလွတ်လပ်သည့် လူလတ်တန်းစား ပေါ်ထွန်းရေးအတွက် အဟန့်အတား ဖြစ်စေပါသည်။ ထို့ပြင် သီးခြားလွတ်လပ်သော အရပ်သားအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှု ပေါ်ထွန်းရေးကိုပါ အဟန့်အတား ပြုနေပါသည်။ ဤမျှမကသေး၊ ခေတ်အဆက်ဆက် အုပ်စိုးသူများ၏ ဖိနှိပ်ခြင်း၊ လျစ်လျူရှုထားခြင်း ခံလာခဲ့ရသော လူမျိုးစု လူ့အသိုက်အဝန်းများအားလည်း လျစ်လျူရှုရာ ရောက်ပါသည်။

ကျနုပ်တို့သည် လူ့အဖွဲ့အစည်း ပြောင်းလဲမှုအတွက် ကြိုးပမ်းရာ၌ တိုင်းပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အစိတ်အပိုင်းအဖြစ် နိုင်ငံတော်တည်ဆောက်ရေး အာဏာပျော့ကို မရှိမဖြစ် လိုအပ်ပါသည်။ နည်းပညာ၊ လူသားအရင်းအမြစ်၊ စီမံအုပ်ချုပ်မှု၊ ကောင်းစွာအုပ်ချုပ်ခြင်း၊ ဈေးကွက်များအကြောင်း သတင်းအချက်အလက်များနှင့် အသိအမြင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ အဖွဲ့အစည်းများ စသည်တို့အပြင်၊ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများသည် ကျနုပ်တို့ မရှိမဖြစ် လိုအပ်နေသော အာဏာပျော့များ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ၊ (၁၉၇ဝ) ခုလွန်နှင့် (၁၉၈ဝ) ခုလွန်နှစ်များအတွင်းက အာရှကျားနိုင်ငံများ၊ (၂ဝဝဝ) ခု လွန်နှစ်များအတွင်း အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုများသည် အဓိကအားဖြင့် အနောက်တိုင်း စံချိန်မီအာဏာပျော့များနှင့် အနောက်တိုင်း အတွေ့အကြုံများမှ နေ၍ ရလာခဲ့ခြင်း ဖြစ်သည်။ ကျနုပ်တို့ တိုင်းပြည်၌ ဒဏ်ခတ်ပိတ်ဆို့မှုသည် ဖွံ့ဖြိုးပြီး အနောက်ကမ္ဘာမှ ဤအာဏာပျော့များ ရရှိရေးတွင် ဧရာမ အဟန့်အားကြီး ဖြစ်နေပါသည်။ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ကျနုပ်တို့သည် အတွေ့အကြုံ လေ့လာရေး အခွင့်အလမ်းအားလုံး ဆုံးရှုံးရသည့်အပြင်၊ ဤအာဏာပျော့ ရရှိရေးနှင့် တပါတည်းမှာပင် စစ်ဒဏ်သင့် တိုင်းပြည်အဖြစ်မှ နာလန်ထူစေနိုင်သော တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများ (FDIs) ရရှိရေး အခွင့်အလမ်းများကိုပါ ဆုံးရှုံးခဲ့ရပါသည်။ အဘယ့်ကြောင့် တဘက်မှာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့က အနောက်နိုင်ငံတို့၏ ကူညီထောက်ပံ့မှုများကို ခံစားနေရပြီး၊ အခြားတဘက်မှာ ကျနုပ်တို့က အနောက်တိုင်း၏ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ် ခံနေရသည်ကို ကျနုပ်တို့ နားမလည်နိုင်ပါ။

သို့ဖြစ်သည့်တိုင် ဤအာဏာပျော့များကို အိမ်နီးချင်းနိုင်ငံများဆီမှ ရနိုင်သည်ဟု ဆိုချင်ဆိုနိုင်ပါသည်။ အမှန်အားဖြင့် ထိုတိုင်းပြည်များဆီမှ အညံ့စား အာဏာပျော့များကိုသာ ရနိုင်ပါသည်။ သာဓကအနေနှင့် တိုတယ်ကုမ္ပဏီ၏ အလိုက်သင့် တုန့်ပြန်တတ်သော အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုနှင့် တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများ၏ ယဉ်ကျေးမှုတို့ကို အလွယ်နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ကျနုပ်တို့အနေနှင့် တရုတ်၊ အိန္ဒိယနှင့် အာဆီယံ အိမ်နီးချင်း တိုင်းပြည်များဆီမှနေ၍ အာဏာပျော့များကို အနောက်ကမ္ဘာ၏ မူလလက်ဟောင်းတန်ဖိုးများ၊ စံနှုန်းများ၊ အဆင့်အတန်းများဖြင့် မရရှိနိုင်ချေ။ ဤအိမ်နီးချင်း တိုင်းပြည်များသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီအားပေးကောင်း အားပေးမည် ဖြစ်သော်လည်း နိုင်ငံတော် တည်ဆောက်ရေးကို ကူညီအားပေးနိုင်လိမ့်မည် မဟုတ်ချေ။ အုပ်စိုးသူစစ်အစိုးရနှင့် ၄င်း၏ အပေါင်းအပါတို့သည် ဤအနေအထားမှနေ၍ အကျိုးခံစားရလိမ့်မည် ဖြစ်သော်လည်း ဤအနေအထားသည် ကျနုပ်တို့၏ လူ့အဖွဲ့အစည်း ပြောင်းလဲရေး တိုက်ပွဲအတွက် အကျိုးရှိစေမည့် အနေအထား မဟုတ်ချေ။

(၂ဝဝ၈ ၊၂ဝဝ၉) ကမ္ဘာ့ဘဏ္ဍာရေးကပ် နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပြီး၊ အနောက်တိုင်း တွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှု ဖြစ်စဉ်မှနေ၍ တရုတ်ပြည်တွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှု ဖြစ်စဉ်သို့ တိမ်းညွှတ်စ ပြုလာခဲ့သည်။ အနောက်တိုင်းတွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှုတွင် နည်းပညာ၊ ဈေးကွက်စီးပွားရေး၊ လစ်ဘရယ် ဒီမိုကရေစီတို့ ပါဝင်သော်လည်း တရုတ် တွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှုတွင်မူ လစ်ဘရယ် ဒီမိုကရေစီ မပါရှိချေ။ တရုတ်နိုင်ငံသည် နည်းပညာနှင့် ဈေးကွက်စီးပွားရေးတို့ကို အသားပေးသော်လည်း ပြည်သူများအတွက် အလားအလာကောင်းများ ကိန်းအောင်းရာ လစ်ဘရယ် ဒီမိုကရေစီကိုမူ ချန်လှပ်ထားသည်။ တရုတ်ပြည်၏ နောက်လိုက်ခြင်း၊ တရုတ်ပြည်နှင့် ဆက်ဆံရေး ပြေလည်ခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အစွမ်းကုန် ရရှိပြီး၊ လစ်ဘရယ် ဒီမိုကရေစီ၏ ကိန်းအောင်းနေသော အလားအလာကောင်းများနှင့် ဝေးသွားလိမ့်မည် ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံသည် အနောက်တိုင်း၏ ဒဏ်ခတ်ပိတ်ဆို့မှုမှ မိမိဖာသာ ထွက်ရပ်လမ်း ရှာမည်ဆိုပါက တရုတ်ပြည်၏ စက်ကွင်းထဲသို့ သူ့အလိုလို ကျရောက်သွားမည် ဖြစ်ပြီး၊ ကျနုပ်တို့အနေနှင့် လူ့အဖွဲ့အစည်း ပြောင်းလဲမှုကို မျှော်လင့်စရာ ရှိမည် မဟုတ်တော့ချေ။ အာဏာရအစိုးရသည် ဤအနေအထားမှနေ၍ အမြတ်ထုတ်ပြီး၊ သက်ဆိုးရှည်နိုင်လိမ့်မည် ဖြစ်သော်လည်း အများပြည်သူတို့မှာမူ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ဝေးသထက်ဝေးမည်သာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူမျိုးစု နိုင်ငံရေးပါတီတရပ်အနေနှင့် ကျနုပ်တို့သည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်၊ ထို့အပြင် အပြစ်မဲ့ရှာသော အများပြည်သူတို့ အကျိုးအတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်လည်စဉ်းစားပြီး၊ ရုပ်သိမ်းပေးပါရန် ဥရောပ သမဂ္ဂနိုင်ငံအားလုံးအား မေတ္တာရပ်ခံအပ်ပါသည်။

No comments: