Sunday, May 1, 2011

မီဇိုရမ်အာဏာပိုင်များက မြန်မာနိုင်ငံသားအယောက် ၄၀ နယ်စပ်ကိုပြန်ပို့ 

KHONUMTHUNG NEWS

မီဇိုရမ်ပြည်နယ်အာဏာပိုင်များက မြန်မာနိုင်ငံသားအယောက် ၄၀ ကို ယနေ့ညနေပိုင်း ၄ နာရီက အိန္ဒိယ-မြန်မာနယ်စပ် သို့ပို့ဆောင်လိုက်သည်။

နယ်စပ်ကိုအပို့ခံရသူအများစုမှာ ချင်းလူမျိုးများဖြစ်ကြကြောင်း၊ အမျိုးသမီး ၁၅ ယောက်နှင့်အမျိုးသား ၂၅ ယောက်ဖြစ်ပြီး အိုင်ဇောလ်မြို့ရဲစခန်းဌါနချူပ်မှ ကုန်တင်ကားတစီးဖြင့် နယ်စပ်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းမျက်မြင်သက်သေတစ်ဦးက ပြောသည်။

အပို့ခံရသည့်အထဲမှ ၂၅ ဦးမှာ ယနေ့နံနက်ပိုင်းက အဖမ်းခံကြရသူများဖြစ်ပြီး ကျန် ၁၅ ဦးမှာ ယမန်နေ့က အိုင်ဇောလ်မြို့မဈေးကြီး စားသောက်ဆိုင်နှစ်ဆိုင်မှအဖမ်းခံခဲ့ကြသူများဖြစ်ကြသည်ဟုသိရသည်။

၎င်းတို့ကို ယနေ့တွင် အိုင်ဇောလ်မြို့တရားရုံးသို့ ခေါ်ဆောင်ကာ တရားသူကြီးက နိုင်ငံခြားသားအမှုနှင့် နယ်စပ်ကို ပြန်ပို့ရန်စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

” ကုန်တင်ကားတစီးထဲမှာ ပြည့်ကျပ်နေအောင်တင်ထားတာ၊ တချို့အမျိုးသမီးတွေဆို သူတို့ကလေးတွေကို ချောပိုးထား ကြတယ်၊ မြင်ရတာစိတ်မချမ်းသာဘူး”ဟု မျက်မြင်သက်သေတဦးပြောသည်။

ယခုကဲ့သို့ အိုင်ဇောလ်မြို့တွင် နေထိုင်ကြသည့်မြန်မာနိုင်ငံသားများအား ဖမ်းဆီးခံရသည့်အကြောင်းရင်းကိုမသိနိုင်သေး သော်လည်း အိုင်ဇောလ်မြို့ ရဲဝန်ထမ်းတဦး၏ပြောပြချက်အရ Superintendent of Police (SP) အမိန့်အရ ဖမ်းဆီးရ ခြင်းဖြစ်သည်ဟု သိရသည်။

အိုင်ဇောလ်မြို့တွင် ဧပြီလ ၂၉ ရက်နေ့ကစ၍ တရားမ၀င်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများကို မီဇိုရမ်အာဏာပိုင် များကစတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၉ နှင့် ၃၀ နှစ်ရက်အတွင်း အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားအယောက် ၈၀ နီးပါးခန့်အဖမ်းခံခဲ့ကြရပြီး ယင်းအ ထဲမှအယောက် ၄၀ ကို ယနေ့တွင် နယ်စပ်သို့ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

No comments: