သျှမ်းသံတော်ဆင့်
မူစယ် - မန္တလေးလမ်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ အကြား နမ့်ကွတ်နေရာ အနီးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ ခန့်က ကချင် ပြည် လွတ်လပ်ရေး တပ်မတော် KIA မှ အစိုးရ စစ်ယာဉ် တစ်စီးအား တိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ကားတစ်စီး ပျက်စီးသွား ကြောင်း စုံစမ်း သိရသည်။
လမ်းလုံခြုံရေးတာဝန်ယူနေသည့် ခလရ ၁၂၃ တပ်ရင်းမှ စစ်ယာဉ်တစ်စီးအား RPG ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည်။
“KIA အဖွဲ့က စစ်ကားကို RPG နဲ့ပစ်သွားတာ ခလရ ၁၂၃ က ၅ ယောက်ကျတယ် လမ်းလုံခြုံရေးအဖွဲ့ပေါ့ တရုတ်ဘက် က ၀ယ်လာတဲ့ စစ်ကားတွေလည်း ဆင်းဖို့ရှိတော့ လုံခြုံရေးကိစ္စလုံးပန်းနေတုန်း အပစ်ခံရတာ” ဟု သူကဆိုသည်။
တိုက်ပွဲကြောင့် ယမန်နေ့ညနေပိုင်းက မန္တလေး - မူစယ် ယာဉ်အတက်အဆင်းများ ခေတ္တရပ်ဆိုင်းသွားကြောင်း ယာဉ် မောင်းတစ်ဦးကလည်း ပြောသည်။
“နမ့်ကွတ်နားမှာ တိုက်ပွဲဖြစ်လို့ မနေ့ညနေပိုင်းက ယာဉ်အသွားအလာမရှိဘူး ရောက်တဲ့နေရာမှာပဲ၊ရပ်ထားရ တယ်၊ ခရီးသည်တင်ယာဉ် ကုန်တင်ယာဉ် အားလုံးပေါ့ ” ဟု သူက ဆိုသည်။
ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်အသုံးပြုရန် တရုတ်လုပ် FORTON အမျိုးအစား အပေါ့စားစစ်ထရပ်ကား များ မူစယ် - မန္တလေးလမ်းကြောင်းအတိုင်း တရုတ်နယ်စပ်မှ မြန်မာပြည်တွင်းသို့ မောင်းနှင်သယ်ယူနေရာ လမ်းလုံခြုံရေး တာဝန်ကျ အစိုးရစစ်တပ်များ မကြာခဏ တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။
နောက်ထပ်သယ်ယူမည့် ရာချီရှိသည့် စစ်ထရပ်ကားများ ရွှေလီ နှင့် မူစယ်မြို့များ၌ ကျန်ရှိနေဆဲဖြစ်သည်။
No comments:
Post a Comment