Wednesday, May 30, 2012

ဂတ်စ် စီမံကိန်း အပေါ် ဒေသခံလူထု စိတ်ပျက်စပြုလာ

နိရဉ္စရာ

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း အပေါ် ဒေသခံ လူထု အနေဖြင့် တဖြည်း ဖြည်း စိတ်ပျက်စ ပြုလာနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အခုလို စိတ်ပျက်လာတာက ဂတ်စ်စီမံကိန်း တည်ဆောက်တဲ့ အချိန်က စပြီး ဒေသခံတွေမှာ လယ်မြေတွေ ဆုံးရှုံးတယ်။ အလုပ်အကိုင် မရှိ ဖြစ်လာတယ်။ အခုတစ်ခါ ပြဿနာ ဖြစ်နေတာက ကျွဲနွားတွေကို လယ်ထွန်မယ့်နေရာမှာ ဂတ်စ်ပိုက်လုံးက အလယ်က ဆီးနေတဲ့ အတွက် တစ်နေရာက တစ်နေရာကို ရွှေ့ပြောင်းဖို့ အတော်ကို အခက်အခဲ ဖြစ်လာတယ်။ ဒီလို အခက်အခဲမျိုးစုံ ဖြစ်လာတဲ့ အတွက် ကျွန် တော်တို့ ဒေသက လူတွေ ဒီစီမံကိန်းကို စိတ်ပျက်လာကြတာ ဖြစ်ပါတယ်″ ဟုကျောက်ဖြူမှ လူမူရေး လုပ်ငန်း ဆောင်ရွက်နေသူ တစ်ဦးက ပြော သည်။

ကျောက်ဖြူမြို့နယ် အတွင်း တည်ဆောက်နေသော ဂတ်စ် ပိုက်လိုင်းကို ယခုအချိန်ထိ မြေအောက်တွင် မမြုပ်ဘဲ မြေပေါ်တွင် သွယ်တန်း ထားသဖြင့် ကျွဲနွားများကို ဂတ်စ်ပိုက်လိုင်းကို ကျော်ပြီး တဖက်နှင့် တဖက်ကို မပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေသဖြင့် လယ်သမားများ အထူး အခက်ကြုံနေကြရသည်ဟု ဆိုသည်။

” ဂဟေဆော်ပြီး ဆက်ထားတဲ့ ပိုက်လိုင်းက ကပိုင်ချောင်းကျေးရွာကနေ ရတနာ့ အထိ ၆ မိုင်ထိ ရှည်ပါတယ်။ ဒါကို မြေပေါ်မှာဘဲ ထား တယ်။ ပိုက်လုံးတွေက လူတ ရပ်လောက်မြင့်တော့ ကျွဲနွားတွေက ဘယ်လိုမှ ကျော်ဖြတ်လို့ မရဘူး။ လှေကားတွေ ထောင်ရင်လည်း လူဘဲ သွားလို့ရတယ်။ ကျွဲနွားတွေက ဖြတ်ကျော်လို့ မရဘူး။ လယ်တကွင်းမှာ အလယ်က ပိုက်လိုင်း ဖြတ်နေတဲ့ အတွက် တစ်ဘက်နဲ့ တစ် ဘက်ကို သွားမယ်ဆိုရင် နှစ်နာရီ သုံးနာရီ ကြာတယ်။ လူတွေက အထူး ဒုက္ခရောက်နေကြပါတယ်″ ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် လယ်ထွန်ချိန်ကျရောက်လာပြီ ဖြစ်သဖြင့် လယ်သမားများမှ မိမိလယ်ကွင်းရှိရာ နေရာများတွင် တဲတက်ပြီး ကျွဲနွား များ ကို အသုံးပြုကာ ထွန်ယက် စိုက်ပျိုးကြရာ ဂတ်စ်ပိုက်လိုင်းကြောင်း တစ်နေရာမှ ကျွဲနွားများကို တစ်နေရာသို့ ယူဆောင်၍ မရဘဲ ဖြစ်နေ ကြောင်း သိရသည်။အခက်အခဲ ဖြစ်နေသော ကျေးရွာများထဲတွင် ရှောက်ချောင်း၊ ကာလာဘာတောင်၊ ကျောက်ခမောက်၊ ကပိုင် ချောင်း နှင့် ရတနာ့ ကျေးရွာများ ပါဝင်ကြောင်းသူက ပြောသည်။

၎င်းပြင် ပိုက်လိုင်း တည်ဆောက်ရာနေရာများမှ ရွံ့နွံများ မိုးရေနှင့် အတူ စီးကျလာသဖြင့် လယ်မြေ အများအပြားလည်း ပျက်စီးနေပြီး ပျက်စီးသွားသော လယ်မြေများ အတွက် လျော်ကြေးလည်း မရကြောင်း တခြား ကပိုင်ချောင်းမှ လယ်သမား တစ်ဦးကလည်း ပြောသည်။

” ပိုက်လိုင်းအတွက် မြေကြီးတွေကို တူးထားရတော့ အခု မိုးရွာတဲ့ အခါ အဲဒီက ရွံ့နွံတွေ ရေစီးနဲ့ အတူ စီးကျလာပြီး လယ်ကွင်းတွေကို ဖုံးသွားပါတယ်။ အခုလို ပျက်စီးသွားတာက ရွာပေါင်း ၁၄ ရွာက လယ်ဧက ၁၈၀ ထိရှိနေပြီ ဖြစ်ပါတယ်။ နောက်ထပ် မိုးဆက်ရွာရင် ဆက် ပျက်စီးနိုင်ပါတယ်″ ဟု သူက ပြောသည်။

ယခု ပျက်စီးနေသော လယ်မြေများမှာ ပိုက်လိုင်း ဖြတ်သန်းရာတွင် မပါဝင်ဘဲ ပိုက်လိုင်းဘေးတွင် တည်ရှိသော လယ်မြေများဖြစ်သဖြင့် လျော်ကြေးလည်း မရရှိကြောင်း သိရသည်။

ကျောက်ဖြူတွင် တခြားကြုံတွေ့နေရသော ပြဿနာမှာ ကားသမားများ ဖြစ်ပြီး ပြည်မဘက်မှ ယူဆောင်လာသော ခိုးကားများကို ကို ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် အသုံးပြုနေကြ၍ ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက ပြော သည်။

” အရင်က ဒေသ အတွင်းက ထရပ်ကားတွေကို စီမံကိန်းက နေရာတွေမှာ အသုံးပြုတော့ လူတွေက ပိုက်ဆံ ရကြတယ်။ ကျောက်ပြောင်း၊ သဲသယ် ဒီလိုနေရာတွေမှာ ဖြစ်တယ်။ အခု ဘယ်လို ဖြစ်လာသလဲ ဆိုတော့ တဘက်နိုင်ငံတွေက ခိုးသွင်းလာတဲ့ နံပတ် မရှိတဲ့ကားတွေကို ကျောက်ဖြူကို ယူလာတယ်။ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဈေးပေါပေါနဲ့ ဌားတယ်။ ဒေသခံ ထရပ်ကားတွေက အခု အဌားမလိုက်တော့ ကားသမားတွေက ဒုက္ခရောက်နေကြရပါတယ်″ ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် လယ်မြေ လျော်ကြေး ငွေ ကိစ္စနှင့် ပတ်သက်ပြီးလည်း ကျေးရွာတိုင်းတွင် ပြဿနာ ပေါ်ပေါက်နေကြောင်း ဦးတင် ဖေက ဆက်ပြောသည်။

” အခု ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ အတွက် လယ်မြေတွေကို လျော်ကြေးပေးတဲ့ နေရာမှာ ရတဲ့သူက ရတယ်။ မရတဲ့ သူက မရဘူး။ တချို့ကလည်း လယ်မြေမရှိဘဲ သူများလယ်မြေကို ကိုယ့်နာမည်ခံပြီး ပိုက်ဆံရသွားတယ်။ တချို့ကလည်း ပိုက်ဆံ ရတဲ့ နေရာမှာ အပြည့်မရ ဘူး။ ရတဲ့ အထဲက တစ်ခါ ကျေးရွာ အာဏာပိုင်တွေက ဖြတ်ယူသွားတာတို့၊ မြေစာရင်း ဌာနက ယူသွားတာတို့နဲ့ ပြဿနာ ရှုပ်နေ တယ်။ ကျေးရွာတွေမှာ အကွဲအပြဲတွေလည်း အများကြီး ပေါ်ပေါက်နေပါတယ်″ ဟု ပြောသည်။

ကျောက်ဖြူတွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း စတင်သည့် အချိန်မှ စပြီး မြေဈေးများလည်း အဆမတန် မြင့်တက်လာကာ ဒေသခံ ပြည် သူများပိုင်ဆိုင်သော လယ်မြေအများအပြားလည်း သိမ်းဆည်း ခံ ခဲ့ရပြီး အများစု လယ်မြေများကို အာဏာရှိသူ စစ်အာဏာပိုင်များက ၎င်းတို့ နာမည်ဖေါက်ကာ သိမ်းယူသွားခြင်း ဖြစ်သည်။

ထိုသို့ သိမ်းယူရာတွင် ယခင်ပြည်ထဲရေး ၀န်ကြီးဟောင်းလည်းဖြစ် ရခိုင်တိုင်းမှူးဟောင်းလည်း ဖြစ်သော ဗိုလ်ချုပ် မောင်ဦးလည်း ပါဝင် သည်။

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ဟိုတည်များနှင့် အတူ အနှိပ်ခံများ ၊ အလှပြင်ဆင် အမည်ခံ မကောင်းမူ လုပ်သော ဆိုင်ခန်းများ လည်း အများအပြား ပေါ်ပေါက်လာပြီး ဒေသအတွင်း လူမူရေး မတည်ငြိမ်မူများကိုလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

၎င်းအပြင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ယာဉ် ၃ တန်၊ ကုန် ၃တန် အထက်ရှိ တန်ချိန်ကြီးကားများ သွားလာမူကြောင့် ရန်ကုန်- ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ- ကံ့ကော်တော ဘုရားလမ်း၊ ကျောက်ဖြူ – မင်းတပ်တောင်နှင့် မင်းပြင် ကားလမ်းများ အပါအ၀င် ကားလမ်း အများအပြားလည်း ပျက်စီးနေပြီး တစ်စုံတစ်ရာ ပြုပြင်ပေးခြင်းများလည်း မရှိကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများအတွက် တစ်စုံတစ်ရာ အကျိုးမရှိသည့် အပြင် ယခုကဲ့သို့ ဆိုးရွားသော အခြေအနေ အရပ်ရပ် ဖြစ်ပေါ်လာသောကြောင့် ဒေသ ခံများ အနေဖြင့် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကို တဖြည်းဖြည်း စိတ်ပျက်လာနေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments: