KNG
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းမှော်တွင် ကုမ္မဏီရေကန် ရေလျှံပေါက်ကွဲခြင်းကြောင့် အနီးရှိ ဖားပြင်ကျေးရွာမှ အိမ်ခြေ ၅၀ နစ် မြုပ်ပျက်စီးသွားကြောင်း ဒေသခံများ ပြောသည်။
မိုးများသည်းထန်စွားရွာသွန်းမှုကြောင့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီကျော်တွင် ဖားပြင်ရွာမှ တစ်ဖာလုံခန့်ဝေးသော ကျောက် စိမ်း တူးဖော်သောကုမ္မဏီများ တူးဖော်ခဲ့သော ကျင်းဟောင်း ရေကန်ကြီးတွင် ရေများပြည့်၍ လျှံလာခြင်းဖြစ်ကြောင်းသိရသည်။
ရေလျှံလာချိန် ၄င်းအနီးရှိ ဖားပြင်ရွာမှ လူနေအိမ်များသို့ ရေများဒလဟောစီးဝင်လာကာ အိမ်ခြေ ၅၀ နှင့် ရိုမန်ကက်သလစ် (RC) ဘုရား ကျောင်း တစ်ခု ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ရေကန်ပေါက်ကွဲလာတာကို အဲဒီအနားမှာ နေတဲ့ KIA စစ်သားတွေက တွေ့လို့ အော်လိုက်တာတဲ့။ အဲဒါနဲ့ တစ်ဆင့်ပြီး တစ်ဆင့် အသိပေး ကြ တော့ အကုန်လုံးထွက်ပြေးကြလို့ လူတွေက ဘာမှမဖြစ်ဘူး ပစ္စည်းတွေက မရလိုက်ဘူး။ အိမ်တွေလည်း အကုန်လုံးပျက်သွားတယ်။ တချို့အိမ်ဆို မျှောပါသွားတယ်။”
ရေဘေးမှ လွတ်မြောက်လာသူများသည် ယခုချိန် ဆွေမျိုးများအိမ်တွင် ခိုလှုံနေပြီး ၎င်းတို့အတွက် အကူအညီ လိုအပ်နေကြောင်း သိရ သည်။
“အခုက ဆွေမျိုးတွေအိမ်မှာပဲ နေနေကြတယ်။ အကူအညီပေးတာ ဘယ်သူမှ မရှိဘူး။ ဖားကန့်က အစိုးရတွေကတော့ လာတော့ လာ ကြည့် တယ်။ ဒါပေမဲ့ ဘာမှကူညီတာ မရှိသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
၎င်းရေကန်ကြီးမှ ပေါက်ကွဲစီးလာသော ရေများသည် ဥရုချောင်းသို့ စီးဝင်သွားကြောင်းသိရသည်။
ဖားကန့်သည် ကျောက်စိမ်းတူးဖော်မှုများကို ကုမ္ပဏီများမှ ဧရာမစီမံကိန်းဖြင့်လုပ်ဆောင်နေသောကြောင့် မြေဇာများစုပုံကာ ဥရုချောင်းတွင် ရေလမ်းကြောပိတ်ကာ နှစ်စဉ်မိုးရာသီချိန်တွင် ရေကြီးမှုကြောင့် ဒေသခံများ အခက်ခဲပြဿနာရင်ဆိုင်နေရသည်။
ယခုနှစ်တွင်မူ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်များသည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းမှစ၍ ဖားကန့်ဒေသ တွင် တိုက်ပွဲများပြင်းထန်လာသောကြောင့် ဒုက္ခသည်များ တစ်သောင်းကျော်အခက်ခဲရင်ဆိုင်နေရချိန်လည်းဖြစ်သည်။

No comments:
Post a Comment