တိုင်းကျော်
အခုတလော ပြည်တွင်းမှာ ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ မိုဘိုင်းဖုန်းတွေနဲ့ ပတ်သက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း တပ်ဆင်ရေး ပြဿနာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဟောင်းကို စစ်ဆေးနေတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေကို တရားစွဲထားတယ်။ သူတို့နဲ့ အတူလုပ်ကိုင်နေတဲ့ ခရိုနီတွေပိုင် ကုမ္ပဏီတွေကို ခေါ်ယူစစ်ဆေးနေတယ်။ လာမယ့် ဧပြီလဆန်းဆိုရင် ပြည်သူတွေ ဝမ်းသာစေမယ့် ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းပေးတော့မယ် စတဲ့ သတင်းတွေအားလုံး ပြည်သူတွေ စိတ်ဝင်စားကြပါတယ်။
ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ်ကို ရောက်သွားတဲ့ သမ္မတ ဦးသိန်းစိန်ကလည်း သူ့အစိုးရသက်တမ်းအကုန် ၂၀၁၅-၁၆ ကျရင် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပြန်တဲ့အတွက် ဒီကိစ္စ ပြည်သူတွေ စိတ်ဝင်စားစရာပိုဖြစ်လာပါတော့မယ်။ ဒီကတိ ဖြစ်နိုင်ပါ့မလား ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
တကယ်တော့ ဒီစီမံကိန်းကို ပထမဦးဆုံး တင်ပြတာ သမ္မတ ဦးသိန်းစိန်တော့ မဟုတ်ပါဘူး။ လက်ရှိ အစစ်ဆေးခံနေရတဲ့ ဆက်သွယ်ရေးဝန် ကြီးဟောင်း ဦးသိန်းထွန်း ဖြစ် ပါတယ်။ သူက ၂၀၁၁ ဇွန်လ အစိုးရအဖွဲ့အစည်းအဝေးမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်က စလို့ ၂၀၁၅-၁၆ အစိုးရသက်တမ်းကုန်ဆုံးချိန် ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ တပ်ဆင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ သူ့တင်ပြ ချက်အရ ပထမနှစ်မှာ ၄ သန်း၊ နောက်နှစ် ၅ သန်း၊ အဲလိုနည်းနဲ့ ၆သန်း၊ ၇ သန်းနဲ့ ၈ သန်း စုစုပေါင်း သန်း ၃၀ တပ်ဆင်မယ်။ ၂၀၁၆ ရောက် ရင် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဖုန်းကိုင်နိုင်မယ့်သဘော ဖြစ်ပါတယ်။ ဒါတောင် လက်ရှိ ကမ္ဘောဒီးယားမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း၊ လာအိုမှာ ၈၀ ရာခိုင်နှုန်းကျော်၊ ထိုင်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်ကိုင်နိုင်တာနဲ့ လုံးဝ မနှိုင်းယှဉ်နိုင်သေးပါဘူး။
အဲလို နောက်ထပ် ကတိပြုသူတယောက်ကတော့ အရင် စီမံကိန်းဝန်ကြီး ဦးတင်နိုင်သိန်း ဖြစ်ပါတယ်။ သူကလည်း အလားတူ ၅ နှစ်အတွင်း မို ဘိုင်းဖုန်း သန်း ၃၀ တပ်ဆင်ရေးကို အမျိုးသားစီမံကိန်းမှာ ထည့်ထားတဲ့အကြောင်း နိုင်ငံတကာ ညီလာခံတခုမှာ ထုတ်ဖော် ပြောဆိုပါတယ်။ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအနေနဲ့ သူပေးတဲ့ ကတိ ၅ နှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ တပ်ဆင်ဖို့ဆိုရင် မြန်မာ့ဆက်သွယ်ရေး တခု တည်း လုပ်လို့မရနိုင်ပါဘူး။ အကြောင်းကတော့ ဒီ ဝန်ကြီးဌာနဟာ ဆယ်စုနှစ် ၁ ခုကျော်အတွင်း မိုဘိုင်းဖုန်း ၂ သန်း ၃ သန်းတောင် ကောင်း ကောင်း မတပ်ဆင်ခဲ့လို့ ဘာအတွေ့အကြုံမှ မရှိသလို ဘာအချက်အလက်တွေနဲ့မှလည်း မပြည့်စုံပါဘူး။ ဒီအတွက် နိုင်ငံတကာ တယ်လီ ကွန်း ကုမ္ပဏီတွေကို ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံခွင့်ပြုဖို့ လိုပါတယ်။ ဒီအတွက် လိုအပ်တဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေကို အလျင်အမြန် ပြဋ္ဌာန်းပေးဖို့ လိုပါ တယ်။
ဒါပေမယ့် လက်တွေ့ အခြေအနေတွေကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ဝန်ကြီးဦးသိန်းထွန်းဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုဖို့အတွက် ဥပဒေ အဆင်သင့် မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလို ပမာဏ ကြီးမားလှတဲ့ စီမံကိန်းကို ပြည်တွင်းက ခရိုနီတွေနဲ့ ပြိုင်ဘက်မရှိ အကောင်အထည် ဖော်ပါတော့တယ်။ ပြိုင်ဘက်မရှိ ဆိုတဲ့အတိုင်း ပွင့်လင်းမြင်သာမှု မရှိတဲ့ တင်ဒါစနစ်တွေနဲ့ လုပ်ကိုင်တဲ့အခါ လာဘ်ပေးမှု အ ကြီးအကျယ် ဖြစ်ပေါ်ပြီး ကုန်ကျစရိတ် မြင့်တက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါတင်မက နိုင်ငံတကာမှာ ကျပ် ၅ ထောင်လောက်ပဲ ပေးရတဲ့ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို တန်ဖိုးနည်း ဆိုပြီး ကျပ်ငွေ ၂ သိန်း၊ ၂ သိန်းခွဲဈေးနှုန်းနဲ့ မျက်နှာပြောင်တိုက် ရောင်းချခဲ့ကြပါသေးတယ်။
အကျိုးဆက်ကတော့ အရင်ခေတ်ကလို ငုံ့မခံတတ်တော့တဲ့ ပြည်သူတွေဆီက မကျေမနပ်အသံတွေ ထွက်ပေါ်လာစေပါတယ်။ ဖြစ်နိုင်ရင် မို ဘိုင်းဖုန်း ဆင်းကတ်တွေကို အလကားတောင် ပေးသင့်တယ်လို့ပြောတဲ့ သမ္မတကိုလည်း အရှက်ရစေပါတယ်။ ဒီထက်ဆိုးတာက ဈေးနှုန်းကြီးမြင့်မှုကြောင့် စီမံကိန်းရည်မှန်းချက်အတိုင်း မိုဘိုင်းဖုန်းတွေ မတပ်ဆင်နိုင်တော့ခြင်းပါ။ စီမံကိန်း ဒုတိယနှစ်အကုန်မှာ မိုဘိုင်းဖုန်း ၉ သန်း ထပ်ဆောင်း တပ်ဆင်ပြီး ဖြစ်ရမယ့်အစား ၆ သန်းတောင် မပြည့်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြဿနာတွေဟာ ပြည်ထောင်စုဝန်ကြီး ပါဝင်တဲ့ အဂတိလိုက်စားမှု ကွင်းဆက်ကြီးကို အရေးယူရသည်အထိ အရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကတော့ ကံကောင်းနေဆဲပါပဲ။ ဆက်သွယ်ရေးကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၂ ခု လုပ်ခွင့်ပေးမယ်လို့ ကြေ ညာလိုက်တဲ့အခါ လုပ်ကိုင်မယ် ဆိုပြီး အဆိုပြုလာတဲ့ ကုမ္ပဏီ လုပ်ငန်းစု ၉၁ ခု တောင်ရှိခဲ့ပါတယ်။ ကမ္ဘာ့တိုက်ကြီးအားလုံးက နာမည်ကြီး တယ်လီကွမ်းကုမ္ပဏီအားလုံး ပါဝင်တယ်လို့တောင် ဆိုနိုင်ပါတယ်။
တကယ်လို့သာ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ အရင် ဆက်သွယ်ရေးဝန်ကြီး အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံကို ပယ်ဖျက်ပြီး ကမ္ဘာ့အဆင့် တယ်လီကွန်းကုမ္ပဏီ အနည်းဆုံး ၄-၅ ခုလောက် ခွင့်ပြု ပြိုင်ဆိုင်ခွင့်ပေးလိုက်ရင် နဂိုမေ်ွာ်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ ပြည့်မီနိုင်ပါတယ်။ တ ကယ်လို့ အဲလို မဟုတ်ဘဲ သန်း ၆၀ ပြည်သူတွေ မျက်နှာကိုမကြည့်ဘဲ ခရိုနီတွေ ကောင်းစားရေးကိုပဲ ဆက်လုပ်ခဲ့ဦးမယ်ဆိုရင်တော့ ဒါဟာ သမ္မတ ဦးသိန်းစိန်အစိုးရအတွက် မျက်နှာပျက်စရာ ကိစ္စတခု ထပ်ပြီး ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment