Friday, April 26, 2013

လူဦးရေ စာရင်းကောက်သူများနှင့် ရိုဟင်ဂျာခံယူ လိုသူများကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွား

သိန်းလှိုင် | သောကြာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၃

စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ၌ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၁နာရီက လူဦးရေ စာရင်း ကောက်ယူစဉ် ရိုဟင်ဂျာအမည်ခံလိုသူများနှင့် စာရင်းကောက်အဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့
ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရ စီစဉ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လူဦးရေစာရင်းကောက်ယူရေး စီမံချက်ကို ဧပြီ ၂၆ မှ မေလ ၁၅ ရက်နေ့ထိ အဖွဲ့ ၆၃ ဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်ရာ ဗွေဆော်ဦး စစ်ဆေးသည့် ကျေးရွာ၌ ယခုလို ကြုံတွေ့ရခြင်းဖြစ်သည်။

“ကျနော်တို့ ပထမအိမ်ထောင်စုကို ဝင်စစ်တဲ့အခါ ဘာပြဿနာမှမဖြစ်ခဲ့ဘူး။ ဒုတိယ အိမ်ထောင်စုကို စစ်တဲ့အခါ အမျိုးသမီးတဦးက ရိုဟင်ဂျာအမည် မရရင် အစစ်မခံနိုင်ဘူး လို့အော်တယ်။ အဲသလိုလဲ အော်လိုက်ရော ကျန်တဲ့ အိမ်တွေကပါ လူတွေထွက်လာပြီးတော့ ကျနော်တို့အဖွဲ့ကို ရွာထဲက ထွက်သွားဖို့ ဆူပူ အော်ဟစ်ကြတယ်။ ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူအုပ်ကို ထိန်းပေး ထားပြီးတော့ ကျနော်တို့ အဖွဲ့ ထိုးဖောက် ပြန်ထွက် လာခဲ့ကြရတယ်” ဟု လူဦးရေ စာရင်းကောက် အဖွဲ့မှ လ၀က တဦးကရှင်းပြသည်။

စစ်တေမြို့နယ် စာရင်းကောက်ယူရေးအဖွဲ့ ၂၁ ဖွဲ့ရှိပြီး၊ ၎င်းတို့အဖွဲ့မှာ အဖွဲ့အမှတ် ၁၈ ဖြစ်ကြောင်း အဆိုပါ လဝက ဝန်ထမ်းကပြောသည်။

ရိုဟင်ဂျာအမည် အသိအမှတ်ပြုရေး တောင်းဆို ဆူပူဆန္ဒပြကြသဖြင့် ခြောက်လှန့်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု လည်း ဒေသခံက ဆိုသည်။

အခင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိသွားသည်ဟုကြားသိရပြီးဖြစ်သော်လည်း အတည်မပြုနိုင်သေးဟု စစ်တွေ အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်တွေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က “၁၉၈၂နိုင်ငံသား ဖြစ်မှုဥပဒေကို သူတို့စိုးရိမ်နေတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ၁၃၅မျိုးမှာ ရိုဟင်ဂျာ မပါတဲ့ အတွက်လည်း ဖြစ်တယ်။ ဒါကြောင့် ဥပဒေ နဲ့အညီ အစစ်မခံဝံ့တော့ဘဲ ဒီလို ရုန်းရင်းဆန်ခတ်မှု တွေနဲ့တုန့်ပြန်တာ ဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက ယနေ့ဖြစ်ပျက်မှုအား သိရှိပြီးဖြစ်ကြောင်းနှင့် လူဦးရေစာရင်းကောက်ယူကိုမူ သတ်မှတ်ရက်အတွင်း ပြီးပြတ်အောင် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

ယခုအခါ လူဦးရေစာရင်းကောက်ယူမှု လုပ်ငန်းစဉ်အား ရပ်နားထားရပြီး၊ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားရာ ဒေသသို့ သက်ဆိုင်ရာလုံးခြုံရေးတပ်ဖွဲ့များက သွားရောက် ထိန်းသိမ်းလျက် ရှိကြောင်းသိရသည်။

No comments: