ABC
အငြင်းပွားစရာတွေ ဖြစ်ခဲတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စီမံကိန်းဆိုင်ရာ စာချုပ်တွေ ပြန်ပြင်ပြီး ချုပ်ဆိုတာတွေ လုပ်ခဲ့ပေမဲ့ ဒေသခံတွေကို ချပြပြီး ချုပ်ဆိုမှုတွေ မလုပ်တာဟာ ပွင့်လင်းမြင်သာမှု မရှိတာဖြစ်တယ်လို့ လက်ပံတောင်းဒေသခံတွေက စွပ်စွဲလိုက်ပါတယ်။
လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာန မြန်မာ စီးပွားရေး ဦးပိုင်လီမိတက် နဲ့ ၀မ်ပေါင် ကုမ္ပဏီတို့ အကြား စာချုပ်တွေ ပြန်လည် ပြင်ဆင် ချုပ်ဆိုပြီး ဖြစ်တဲ့ အကြောင်း သတ္တုတွင်းဝန်ကြီး ဌာန ၀န်ကြီး ဒေါ်က်တာမြင့်အောင်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောခဲ့ပါတယ်။
အခုလို စာချုပ်တွေ ပြန်ပြင်ချုပ်ဆိုတာဟာ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုထားတဲ့အတိုင်း နိုင်ငံတော် အကျိုးအမြတ် ရရှိအောင် ပြင်ဆင်ချုပ်ဆိုထားတယ်လို့ ဝန်ကြီး ဒေါ်က်တာမြင့်အောင် က ပြောပါတယ်။
နိုင်ငံတော် အတွက်ချုပ်ဆိုသော စာချုပ်တွင် နိုင်ငံတော်အတွက် အကျိုး ရှိစေရန် ပြင်ဆင်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပတ်သက်ပြီး ပြင်ဆင်စာချုပ်၏ အပိုက် ၉၊ ၁၀ တွင် ထည့်သွင်း ချုပ်ဆိုထားပါတယ်။ လူမှုရေးဆိုင်ရာ ထိခိုက်မှုနှင့် ပတ်သက်ပြီး ပြင်ဆင်ချက် စာချုပ် အပိုက် ၁၄ ၁၅ တွင် ထည့်သွင်း ချုပ်ထားပါတယ်။
ယခင်စာချုပ်ဟောင်းထဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ရရှိငွေတွေကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်မှာ Myanmar Economic Holding တို့ကသာ ရရှိမှာဖြစ်ပေမယ့် စာချုပ်သစ်မှာတော့ မြန်မာအစိုးရက စီမံကိန်းက ရရှိငွေ ၅၁% ရရှိမှာဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီက ၃၀%နဲ့ Myanmar Economic Holding က ၁၉% ရရှိမှာဖြစ်ပါတယ်။
အဲ့ဒါ့အပြင် ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ လက်ပံတောင်းဒေသမှာ ဒေါ်လာသန်းနဲ့ချီတန်တဲ့ လူမှုရေးလုပ်ငန်းတွေကို နှစ်စဉ်လုပ်ရမယ်လို့လည်း ပါရှိပါတယ်။ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပေါ်မှာ အကောင်အထည်ဖော်ရတဲ့ ကော်မတီကလည်း သူတို့ အနေနဲ့ ဒေသခံတွေကို လျော်ကြေး တွေပေးထားတယ်လို့ ကော်မတီ ဥက္ကဌ ဦးလှထွန်း ကပြောပါတယ်။
စာချုပ်တွေ ပြန်လည်ပြင်ဆင် ချုပ်ဆိုထားပေမယ့် ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ချပြတာ မရှိသေးဘူးလို့ လက်ပံတောင်းဒေသခံ မသွဲ့သွဲ့ဝင်းကပြောပါတယ်။
ဒီစာချုပ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး ထုတ်ပြောတာလည်း မရှိဘူး။ စာချုပ် ထဲမှာ ပါတာတွေလည်း ကျမတို့ မသိရဘူး။
လက်ပံတောင်းတောင် ဒေသခံတွေကတော့ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေကြတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် ဝေစန္ဒာကျော်က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment