Friday, August 2, 2013

၂၉ လမ်းက လောင်ကစားဒိုင်ကြီးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ၀င်ဖမ်း

ဇော်ဇော်ထွေး | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃

ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် ၂၉လမ်းရှိ လောင်းကစားဒိုင်ကြီး တစ်ခုကို တိုင်းရဲတပ်ဖွဲ့မှ ရဲများက သြဂုတ် ၁ ရက် နံနက် ၁၀ နာရီကျော်အချိန်က ၀င်ရောက် ဖမ်းဆီးလိုက်သည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ပန်းဘဲတန်းရဲစခန်းမှ ရဲအုပ်အေးမြင့်နိုင်က “ဖမ်းတာကတော့ လောင်းကစားမှုပါ၊ ကျန်တဲ့ အချက်အလက်ကတော့ စစ်ဆေးရဦးမှာမိုလို့ ဘာမှအတည်ပြုပြောလို့ မရသေးပါ ဘူး” ဟု ဖမ်းဆီးမှုအပြီး ပန်းဘဲတန်းရဲစခန်းတွင် သတင်းထောက်များကို ပြောသည်။

၂၉ လမ်း၊ အလယ်ဘလောက် မဟာဗန္ဓုလလမ်းထောင့်အနီး ဧဒင်နှင်းဆီဟု အမည်ပေးထားသည့် အဆောက်အအုံ၏ ဒုတိယအလွှာတွင် တွဲလျှက်နှစ်ခန်းလုံး လောင်းကစား ပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားချက်အရ တိုင်းအဆင့် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်ကြောင်းလည်း အနီးဝန်းကျင်ရှိ ပြည်သူများထံမှ စုံစမ်းရရှိသည်။


ယင်းသို့ ဖမ်းဆီးရာတွင် လောင်းကစား ပြုလုပ်နေသည်ကို လက်ပူးလက်ကြပ် အဖမ်းခံလိုက်ရသည့် အမျိုးသား၊ အမျိုးသမီး ၂၀ ခန့်ကို ရဲများက ကားဖြင့် အသုတ်လိုက်ခွဲပြီး ခေါ်ဆောင်သွားသည်ကိုလည်း တွေ့ရသည်။

ထိုလောင်းကစားဒိုင်ကို ၀င်ရောက်ဖမ်းဆီးစဉ်က ရဲအင်အား ၅၀ (ခန့်မှန်း)ရှိမည်ဟုလည်း သုံးသပ်ရသည်။

အဆိုပါ လောင်းကစားမှု ဖမ်းမိသည့် တိုက်ခန်းအတွင်းမှ စာရေးစားပွဲများ ကုလားထိုင်များကိုလည်း သက်သေခံ ပစ္စည်းများအဖြစ် သိမ်းဆည်းသွားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ရဲများက ပိတ်ဆို့ ဖမ်းဆီးစဉ်အတွင်း တိုက်နှစ်လွှာမှ ခုန်ချထွက်ပြေးလွှတ်မြောက်သူများလည်းရှိကြောင်း အနီးအနားရှိ ပြည်သူများထံမှ စုံစမ်းသိရသည်။

ယင်းလောင်းကစား ဖမ်းဆီးမှုနှင့်ပက်သက်ပြီး အသေးစိတ် အချက်အလက်များ စုံစမ်းရန် မဇ္ဈိမက ည ၈ နာရီအချိန်ထိ ဆက်သွယ် မေးမြန်းခဲ့ရာတွင် ပန်းဘဲတန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဖမ်းဆီးရမိသူများကို စစ်ဆေးနေဆဲဖြစ်ပြီး ယခုအချိန်ထိ အမှုမဖွင့်ရသေးသဖြင့် အသေးစိတ် မပြောနိုင်သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းတွင် ဇူလိုင်လက လောင်းကစားမှု ၇၇ မှုဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်ထားသည်။

လောင်းကစားမှုများသည် ရန်ကုန် မြောက်ပိုင်းခရိုင်တွင် အများဆုံး ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ထိုခရိုင်တွင် ၃၁ မှု ဖမ်းဆီးမိခဲ့ပြီး အရှေ့ပိုင်းခရိုင်တွင် ၂၇ မှု၊ အနောက်ပိုင်းခရိုင်တွင် ၁၁ မှုနှင့် တောင်ပိုင်းခရိုင်တွင် ရှစ်မှု အထိ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှုခင်းသတင်း အချက် အလက်များတွင် လေ့လာတွေ့ရှိရသည်။

No comments: