မင်းမင်း | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃
လူမှုအဖွဲ့အစည်းများ မှတ်ပုံတင်လျှင် ကြန့်ကြာသည့်ကိစ္စကို ကိုယ်တိုင်ဖြေရှင်းပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ကတိပြု ပြောကြားလိုက်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့မှ ၀န်ကြီးများနှင့် ပြည်တွင်း/ပြည်ပ လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံရာတွင် စီအေဒီ ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ ဦးဝင်းနိုင်ဦးက မေးခွန်း ထုတ်လိုက်သည်ကို ပြန်လည်ဖြေကြားစဉ် ၀န်ကြီးဦးစိုးသိန်းက ထိုသို့ ကတိပြုပြောကြားလိုက်ခြင်း ဖြစ်သည်။
ဦးဝင်းနိုင်ဦးက “ကျွန်တော်တို့ မှတ်ပုံတင်လျှောက်တာ အခုထိမကျသေးဘူး။ ကျေးလက်ဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမှုလျှော့ချရေး တကယ်သွားချင်ရင် လိုအပ်တဲ့မှတ်ပုံတင် ပေးစရာရှိတာပေးလိုက်ပါ။ အခုဟာက မှတ်ပုံတင်မရှိဘဲနဲ့ ကျွန်တော်တို့ဆို ရန်ပုံငွေရှာရတာခက်တယ်။ များများပေးချင်တဲ့ သူက များများမပေးရဲဘူး” ဟု ၀န်ကြီးများကို ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောကြားမှုကို ၀န်ကြီးဦးစိုးသိန်းက “ဒီဟာ အလွန်အရေးကြီးမှန်း ကျွန်တော်တို့သိတယ်။ မြန်သထက်မြန်အောင်ဆောင်ရွက်ပေးပါ့မယ်လို့ ကျွန်တော်တို့ဘက်က ပြောကြားလိုက်ပါတယ်။ ကြာမယ်ဆိုရင် ဒါလေးတွေကို ကျွန်တော့် ၀န်ကြီးဌာနရှိတယ်။ ဦးအောင်မင်းရှိတယ်။ ဦးတင်နိုင်သိန်းရှိတယ်။ ဒီဝန်ကြီးဌာန သုံးခုကို ဆက်သွယ်ပါ။ ကျွန်တော် ဘယ်တုန်းက တင်ထားတယ်ဆိုတာပြောပါ။ ကျွန်တော်တို့ကိုယ်တိုင် လိုက်လံဖြေရှင်း ပေးပါ့မယ်” ဟု ရှင်းလင်းပြောကြားသည်။
ဝန်ကြီးဦးစိုးသိန်းက ထိုကိစ္စသည် အရေးပါမှန်း ၎င်းတို့နားလည်သော်လည်း လတ်တလောတွင် လွှတ်တော်၌ အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေကြမ်းကိုအတည်ပြုရန် ဆောင်ရွက်နေသဖြင့် စောင့် ကြည့်နေခြင်း ဖြစ်သည်ဟုလည်း ဆက်လက်ရှင်းပြခဲ့သေးသည်။
ကျေးလက်ဖွံ့ဖြိုးရေးအတွက် ထိုဒေသမှပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ နို့စားနွားများ၊ အသား တိုးဝက်၊ ဆိတ်၊ ကြက်နှင့် ဘဲများ မွေးဘက် ပေးစနစ်ဖြင့် မွေးမြူနိုင်ရန်ဆောင်ရွက်ပေးရန် အစိုးရက မူချမှတ်ထားသည်ဟု ထိုနေ့က ငြိမ်းချမ်းရေးမှ အစည်းအဝေးတွင် ၀န်ကြီးများကပြောကြားခဲ့သည်။
ယင်းကဲ့သို့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ရန်ကိုလည်း အစိုးရသည် လူမှုအဖွဲ့အစည်းများကို အားကိုးကြောင်း ၀န်ကြီး ဦးစိုးသိန်းက ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သေးသည်။
အသင်းအဖွဲ့များနှင့်ပတ်သက်၍ ဥပဒေအသစ်တစ်ခု လွှတ်တော်တွင် ဆွေးနွေးနေရာ ယင်းဥပဒေကြမ်းပါ အချက်အလက် အချို့နှင့် ပတ်သက်၍ လူမှုရေးအဖွဲ့ စည်းများက ကန့်ကွက်မှုများရှိနေပြီး နယ်ပယ်အသီးသီးမှ အဖွဲ့များက ထိုဥပဒေကြမ်းအတည်ပြုလျှင် သင့်လျော်သော ပြဌာန်းချက်များသာ ပါဝင်လာရန် ဆွေးနွေးနေကြသည်။
No comments:
Post a Comment