Friday, August 23, 2013

ကျောက်ဖြူ-တရုတ် ပိုက်လိုင်းစီမံကိန်းအတွက် ဆန္ဒပြခေါင်းဆောင်ဆယ်ဦး လာမည့်လတွင် စီရင်ချက် ချမည်

ကေဇင်ဦး | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်ပြီးဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ဆန္ဒထုတ်ဖော်ခဲ့သော ဒေသခံခေါင်းဆောင် ဆယ်ဦးကို တရားစွဲဆိုထားသည့် အမှုအား လာမည့် စက်တင်ဘာလတွင် စီရင်ချက်ချမည်ဟု အ မှုရင်ဆိုင်နေရသူ ဒေသခံ ဦးထွန်းကြည်က သြဂုတ် ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “သြဂုတ် ၃၀ ရက်မှာ နှစ်ဖက်ရှေ့နေတွေ လျောက်လဲချက်တင်ပြီးရင် စက်တင်ဘာလတွင်းမှာ စီရင်ချက် ချမယ်လို့ တရားသူကြီးက ပြောထားပါတယ်”ဟု ပြောသည်။

အဆိုပါအမှုမှာ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်ပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဧပြီ ၁၈ ရက်က လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင် ၁၀ ဦးကို မဒေးကျွန်းရဲစခန်းက ပုဒ်မ ၁၈ အရ အမှုဖွင့်၍ ကျောက်ဖြူမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို ပြီးခဲ့သည့်မေ ၆ ရက်က ကျောက်ဖြူမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် တရားရုံးချိန်း ဆယ့်တစ်ကြိမ်ခန့် စစ်ဆေးခံခဲ့ရပြီး ဖြစ်သည်ဟုလည်း ဦးထွန်းကြည်က ပြောသည်။

၎င်းက “ဆန္ဒပြတဲ့ သူတွေအားလုံးထဲက ၁၀ ဦး ဖမ်းတယ်။ နောက်ထပ် ဒီလို ဖြစ်မလာအောင် သူတို့လုပ်တာလို့ ထင်ပါတယ်။ စီရင်ချက်ချမယ်ဆိုရင်လည်း ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် ကျွန်တော်တို့ဘက်က ခံယူသွားမယ်ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် တောင်းဆိုသွားကြမှာပါပဲ”ဟု ဆိုသည်။

လာမည့် သြဂုတ် ၃၀ ရက်တွင် နှစ်ဖက်ရှေ့နေများက နောက်ဆုံးအကြိမ် လျောက်လဲချက်တင်ရမည်ဖြစ်သည်ဟု လည်း ၎င်းက ပြောသည်။

ဆန္ဒပြရာတွင် ကျောက်ဖြူဒေသခံများအနေဖြင့် တောင်းဆိုခဲ့သည်များမှာ ပိုက်လိုင်းကြောင့် ဖြစ်ပေါ်နေသောမြေယာပြသနာများ ဖြေရှင်းပေးရန်၊ ကျေးရွာဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ပေးရန်၊ လျှပ်စစ်မီး သွယ်တန်းပေးရန်နှင့် ပိုက်လိုင်းတစ်လျှောက် ကျေးရွာများတွင် ကျန်းမာရေး ဆေးပေးခန်းများ၊ စာသင်ကျောင်း များနှင့် သောက်ရေကန်များ ဆောက်လုပ်ပေးရန်တို့ ဖြစ်သည်။

ပိုက်လိုင်းတစ်လျောက် အသုံးပြုထားသော လယ်ယာမြေများအနက် ဘိုးဘွားပိုင် လယ်မြေများ သိမ်းဆည်းခံ ရသော်လည်း အထောက်အထား ခိုင်လုံစွာ မပြနိုင်မှုကြောင့် လျော်ကြေးမရခဲ့သည်များလည်း ရှိသည်ဟုကျောက်ဖြူ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှမစနိုးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော သယံဇာတ အကျိုးခံစားခွင့်များ အစိုးရထံတောင်းဆိုရန်အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ဦးဆောင်ပြီး ဒေသခံများ၏ လက်မှတ်ကောက်ခံခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်ခြင်းကို ဇူလိုင် ၁၅ ရက်က စတင်ခဲ့ပြီး ဇူလိုင် ၂၈ ရက်က ဓာတ်ငွေ့ပိုက်လိုင်းကို တရားဝင် ဖွင့်လှစ်ခဲ့သည်။

ယင်းဓာတ်ငွေ့ပိုက်လိုင်းအတွက် မြန်မာပြည်အတွက် နေ့စဉ်ရရှိသော ဓာတ်ငွေ့ကုဗပေ သန်းတစ်ရာအနက် သန်းနှစ်ဆယ်ကို ကျောက်ဖြူမြို့နယ်အတွက် ခွဲတမ်းချထားပေးမည်ဟု အစိုးရက ဇူလိုင် ၃၀ ရက် ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသော်လည်း ဒေသခံများအနေဖြင့် ကျေနပ်နိုင်ခြင်းမရှိဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။

No comments: