ဂျွန်ချစ်ငြိမ်း
အသစ်ပြန်လည် တည်ဆောက်မည့် သားငါးကုန်ခြောက်ဈေးသစ် ဆောက်လုပ်နေစဉ်အတွင်း ပျံကျဈေးသည်များ အတွက် နေရာအငြင်းပွားမှုများရှိရာ သြဂုတ်၂၂ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြေလည်မှု ရရှိသွားပြီဖြစ်သည်။
တောင်ကြီးမြို့ စည်ပင်ရုံးခန်းမတွင် ကျင်းပသည့် အဆိုပါ အစည်းအဝေးကို မြို့မဈေးမိဈေးဖများ၊ ဈေးကော်မတီ ဥက္ကဋ္ဌ၊ ပျံကျဈေး ကော်မတီဝင်များနှင့် စုစုပေါင်း အယောက် ၆၀ ကျော် တက်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း အရှေ့ဘက်ရှိ အသစ်တည်ဆောက်မည့် သားငါးကုန်ခြောက်ဈေး နေရာသတ်မှတ်မှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
“အသစ်တည်ဆောက်နေတုန်း ပြောင်းရွှေ့မယ့် သားငါးကုန်ခြောက် ယာယီဈေးကိုတော့ လက်ရှိပျံကျတွေရောင်းနေတဲ့ တပင်ရွှေထီးလမ်းမှာ မထားတော့ဘဲ ကုန်သည်လမ်းမှာ နေရာချပြီးတော့ ယာယီဈေး သတ်မှတ် တည်ဆောက်သွားမှာပါ၊ နေရာမလောက်ရင် တပင်ရွှေထီးလမ်းနေရာက ပျံကျဈေးသည်တွေကို နေရာနည်းနည်း ချုံ့ပေးဖို့ ညှိနှိုင်းတာ ဒီနေ့ ပြေလည်မှု ရရှိခဲ့ပါတယ်”ဟု တောင်ကြီးမြို့နယ် စည်ပင်ညွန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက မဇ္ဈိမကို ပြောဆိုသည်။
စည်ပင်၏ စည်းမျဉ်းစည်းကမ်းများအရ ပျံကျဈေးဆိုသည်မှာမရှိဘဲ ပျံကျဈေးသည်များ၏ စားရေးနေရေး အတွက် သာ ယခုကဲ့သို့ ညှိနှိုင်း ဆွေးနွေးခြင်းသာဖြစ်ကြောင်း စည်ပင်က ဆိုသည်။
ပျံကျဈေးသည်များ ကော်မတီဝင် ဈေးသည် ကိုဝဏ္ဍဇော်က “ဈေးရောင်းလာတာလည်း ၁၀ နှစ်ခန့်ရှိနေပါပြီ၊ မိသားစု စားဝတ်နေရေးအတွက် မပြောင်းမရွှေ့ဘဲ ရောင်းချချင်တာပါ၊ တချို့ဈေးသည်တွေလည်း ဈေးခေါင်းရုံးဈေးဘဏ် ချေးငွေယူထားသူတွေ ရှိနေတယ် ပြောင်းရွှေ့ရင် နေရာ အထိုင်မကျဘဲ အခက်အခဲတွေ အများကြီး ကြုံနိုင်ပါတယ်”ဟု မဇ္ဈိမကို ပြောဆိုရှင်းပြသည်။
ယခင်က မိန်းလမ်း အရှေ့ဘက်ရှိ သားငါးကုန်ခြောက်ဈေးကို နေရာပြောင်းပါက ပျံကျဈေးသည်များကို တပင်ရွှေထီးလမ်းသို့ ပြောင်းရွှေ့ထားပြီး ပျံကျဈေးသည်များက မပြောင်းရွှေ့လိုခဲ့ပေ။ နံနက်ပိုင်း ရောင်းချသည့် ပျံကျဈေးသည် အရေအတွက်မှာ ငါးရာကျော်ခန့်ရှိပြီး ညနေပိုင်းဈေးသည် အရေအတွက် ၇၀ ကျော်ခန့်ရှိသည်။
“ကျွန်တော်တို့ကြောင့် ထိခိုက်တာ၊ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် လုပ်တာမျိုးတွေ မလုပ်ဆောင်ပါဘူး။ အားလုံး အဆင်ပြေအောင်သာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဈေးသစ် တည်ဆောက်ရန် တင်ဒါအောင်မြင်ထား သည့် သီဟကုမ္ပဏီမှ မန်နေဂျာဦးစည်သူဇော်က ကတိပေးပြောကြားသည်။
No comments:
Post a Comment