အေးအေးကျော် | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကို ပြည်တွင်းလုပ်ငန်းရှင်အချို့က တရားစွဲမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် တရားစွဲဆိုပါက ပြန်လည်ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က သြဂုတ်၂၅ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ငါးပိတွင် ဓါတ်မြေသြဇာများ ပါဝင်သည်ဆိုသည့် သတင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း အသင်းကို တရားစွဲဆိုမည်ဟူသော သတင်းများ ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
“ပြည်တွင်းလုပ်ငန်းရှင်အချို့က တရားစွဲမယ်ဆိုတော့ ဘယ်သူက တရားစွဲမယ်ဆိုတာ မသိသေးပါဘူး။ ဘာအကြောင်းနဲ့စွဲ မယ်ဆိုတာလည်း မသိပါဘူး။ တကယ်လို့ တရားစွဲလာလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်သွားမှာပါ။ ကျွန်တော်တို့က အသင်းကြီးတောင်ဖွဲ့ပြီးပြီပဲ” ဟု ပြောသည်။
ဦးဗအုပ်ခိုင်က ဆက်လက်ပြီး “ဆရာတို့က ဘယ်ငါးပိရည်ကျိုက ဘယ်တံဆိပ်က ဓါတ်မြေသြဇာပါတယ်လို့ ပြောတာ မဟုတ်ဘူး။ ရွာခံတွေကတစ်ဆင့် သိရတာပါ” ဟု ဆိုသည်။
၎င်းတို့အနေဖြင့် စားသုံးသူကာကွယ်ရေးအတွက်သာ အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းလုပ် ငန်းရှင်များကို အသင်းအနေဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူများကို သတိပေးခြင်းသာဖြစ်ပြီး စားသုံးသူကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်သွားရန် ရှိသည်ဟုလည်း ဦးဗအုပ်ခိုင်က ဆိုသည်။
No comments:
Post a Comment