Saturday, August 24, 2013

နိုင်ငံအတွင်း တင်သွင်းနေသည့် မှောင်ခိုပစ္စည်းများအနက် ရာခိုင်နှုန်းအနည်းငယ်သာ ဖမ်းမိသည်ဟု ၀န်ကြီးပြော

မင်းမင်း

ဌာနအချို့နှင့် လုပ်ငန်းရှင်အချို့ မှောင်ခိုကုန်ကူးကာ အခွန်ရှောင်နေသည်ဟုလည်းဆို တရားမ၀င် ကုန်သွယ်မှုများ ကို အစိုးရက ဖမ်းဆီးဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်နေသည့် မှောင်ခိုပစ္စည်းများ အနက်မှ ရာခိုင်နှုန်းအနည်းငယ်သာ ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးက သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားလိုက်သည်။

တရားမ၀င် ကုန်သွယ်မှုများမှာ ထိုင်းနှင့် တရုတ်နိုင်ငံမှ အများဆုံး ၀င်ရောက်နေခြင်း ဖြစ်သည်ဟုလည်း စီးပွား/ ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

ဖမ်းမမိသည့် တရားမ၀င်တင်သွင်းလာသော ကုန်စည်များ ရှိနေသည်ကို နယ်စပ်ကုန်သွယ်မှုအား မြန်မာနိုင်ငံ ဘက်မှ မှတ်တမ်းတင်ထားသည့်ပမာဏနှင့် အခြားနိုင်ငံတို့က မှတ်တမ်းတင်ထားသည့် ပမာဏ ကွာဟချက် များပြားနေမှုကို ထောက်ပြ၍ ၀န်ကြီးက ရှင်းပြခဲ့သေးသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံသို့ နယ်စပ်မှ တင်သွင်းလိုက်သော ကုန်ပစ္စည်းပမာဏကို ထိုင်းနိုင်ငံက မှတ်တမ်းတင် ထားသည့် တရားဝင် ကိန်းဂဏန်းမှာ မြန်မာနိုင်ငံဘက်က မှတ်တမ်းတင်ထားသော တရားဝင် ကိန်းဂဏန်းထက် အဆများစွာ ကွာခြားနေခြင်းကို ၀န်ကြီးက ဆိုလိုသည်။

မြ၀တီနယ်စပ် ၀င်ပေါက်တစ်ခုတည်းမှ ၀င်ရောက်သည့် ကုန်စည်ပမာဏကိုပင် မြန်မာနိုင်ငံမှ မှတ်တမ်းနှင့်ပြည်ပမှ မှတ်တမ်းတို့ ကွာဟချက်မှာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိကြောင်း ၀န်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အစိုးရက မှောင်ခိုကုန်ကူးမှုများကို သာမန်စနစ်များဖြင့် ကြီးကြပ်နေသည့်အပြင် ရွေ့လျားစစ်ဆေးရေးအဖွဲ့ကို ထပ်တိုးဖွဲ့စည်းကာ ဖမ်းဆီးနေသော်လည်း ထိရောက်မှုအတိုင်းအတာမှာ အားနည်းသေးသဖြင့် မေးခွန်းထုတ်ဖွယ်ဖြစ်နေသေးသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာအချို့နှင့် လုပ်ငန်းရှင်အချို့တို့မှာ နိုင်ငံတော်၏ ဖြေလျှော့ပေးနေမှုများကို အခွင့်ကောင်းယူပြီး မှောင်ခိုကုန်ကူးကာ အခွန်ရှောင်နေသည်ဟုလည်း ၀န်ကြီးက အမတ်များကို ရှင်းပြခဲ့သေးသည်။

No comments: