ကေဇင်ဦး | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃
ရှစ်လေးလုံးအရေးတော်ပုံသည် ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းဖြစ်သော်လည်း အနာဂတ်တိုးတက်ရေးအတွက် ချုပ်ကိုင်ထားခြင်းမခံရရေး သတိပြုရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ရက်တွင် နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်သည်။
“ရှစ်လေးလုံးမှာဖြစ်ခဲ့တဲ့ အရေးအခင်းကတော့ အများကြီးအရေးပါပါတယ်။ အဲဒီကနေစသွားတာပဲ ဒီမိုကရေစီလှုပ်ရှားမှုက သမိုင်းဆိုတာ မေ့လို့လည်းမရဘူး။ အန်တီအမြဲပဲပြောသလို သမိုင်းဆိုတာ အထောက်အကူပဲဖြစ်ရမယ်။ အတိတ်ဆိုတာ အနာဂါတ်အတွက် အထောက်အကူပဲဖြစ်ရမယ်။ အနာဂါတ်တိုးတက်ရေးအတွက် ချုပ်ကိုင်ထားတာမျိုး မဖြစ်ရဘူး။ တချို့က သမိုင်းရဲ့ချုပ်ကိုင်မှုကို အရမ်းခံတယ်လို့ အန်တီ ထင်တယ်” ဟု သူကဆိုသည်။
ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကို ဦးခင်အောင်မြင့်က ဦးရွှေမန်းထံလွှဲပြောင်းပေးအပ်သည့် အခမ်းအနားအပြီး၌ လွှတ်တော်ရှိ ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာ ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့ပြင် ရှစ်လေးလုံးအရေးတော်ပုံသည် “နောင်အရှေ့ကို တိုးတက်ဖို့အတွက် သင်ခန်းစာတွေယူနိုင်တဲ့ အရေးတော်ပုံဖြစ်ရမယ်။ နောင်အရှေ့ကို တိုးတက်ဖို့အတွက် ပိတ်ဆို့တဲ့အရေးတော်ပုံမျိုး မဖြစ်စေရဘူး” ဟုလည်းဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားခဲ့သည်။
ယခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကိုလည်း ပွဲစီစဉ်သူများက ဖိတ်ကြားထားသည်။
No comments:
Post a Comment