မင်းနေနိုင် | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲရွာ ခင်ကြီးရပ်ကွက်တွင်ရှိသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသည် ကျွဲပွဲ ဘူတာရုံသို့ သွားသည့် လမ်းမကြီးကို ပိတ်ဆောက်လိုက်သဖြင့် ဒေသခံများက မကျေမနပ်ဖြစ်ရာ သမ္မတနှင့် တိုင်းဝန်ကြီးချုပ်တို့ထံ တိုင်ကြားခဲ့ကြကြောင်း အဆိုပါရွာသားများက ပြောသည်။
ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံ ပိတ်ဆောက်လိုက်သည့် လမ်းသည် ဒေသခံများ အစဉ်အဆက် အသုံးပြုခဲ့သောလမ်းဖြစ်ပြီး အကျယ် ၁၂ ပေခန့်နှင့် အရှည် ပေ ၃၀၀ ခန့်ရှိခဲ့သည်ဟုလည်း ကျွဲပွဲ ရွာသားများကပြောကြသည်။
ထိုလမ်းကို ပိတ်၍ ၁၉၉၆နှင့်၉၇ခုနှစ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးက ပိတ်ဆောက်လိုက်သဖြင့် ရွာသားများ အသုံးပြု၍ မရတော့သဖြင့် ဒေသခံ ၅၀ ဦးက သမ္မတဦးသိန်းစိန်နှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့ထံ၂၀၁၁ ခုနှစ် ဒီဇင်ဘာက တိုင်ကြားခဲ့ကြသည်ဟု ကာယကံရှင်တို့က ဆိုသည်။
သို့သော် တစ်စုံတစ်ရာ အရေးယူခြင်းမရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီက တစ်ကြိမ် မတ်လက တစ်ကြိမ်နှစ်ကြိမ်တိုင် တိုင်းဝန်ကြီးချုပ်ထံ စာရေးသားပေးပို့ပြီး ထပ်မံတိုင်ကြားခဲ့ရာ ထိုကိစ္စကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဧပြီလတွင် ခေါ်ယူတွေ့ဆုံပြီး အကျိုးအကြောင်း မေးမြန်းခဲ့ကြောင်းလည်း သူတို့က ဆက်ပြောသည်။
ဧပြီလတွင်လည်း ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးရုံးက ထိုကိစ္စကို တိုင်ကြားသူများကို ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သေးသည်ဟုလည်း ရွာသားများထံမှ သိရသည်။
ထိုသို့ အုပ်ချုပ်ရေးအာဏာပိုင်တို့က ရွာသားများကို ခေါ်ယူတွေ့ဆုံခဲ့သော်လည်း လမ်းပိတ်ဆောက်ထားသော ရပ်ကွက်ရုံးကိုမူ မဖယ်ပေးဘဲ မေလတွင် ရုံးဆိုင်းဘုတ်ကို ရုံးအဆောက်အအုံမှဖြုတ်ရာ ယင်းရုံး နောက်ဘက်ရှိ အဆောက်အအုံတစ်ခုသို့သာ ပြောင်းလဲတပ်ဆင်မှု ပြုခဲ့သည်ဟုလည်း ရွာသားများက စွပ်စွဲပြောဆိုသည်။
ထို့ကြောင့် ယင်းကိစ္စကို မကျေနပ်သော ရွာသားအချို့သည် ယခုနှစ် ဇွန်လအတွင်းက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးထံ ထပ်မံတင်ပြထားရာ နှစ်လနီးပါး ကြာမြင့်ပြီဖြစ်သည့် ယနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံသည် လမ်းပေါ်တွင် ပိတ်လျှက်သားသာ ရှိနေဆဲဖြစ်သည်ဟု ကျွဲပွဲရွာသားများက ပြောကြားသည်။
No comments:
Post a Comment