Tuesday, August 27, 2013

ဒေသ ဖွံ့ဖြိုးရေး အတွက် နိပွန် ဖောင်ဒေးရှင်းနှင့် DKBA ဆွေးနွေး

နော်ဆွိ

ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ထိန်းချုပ် နယ်မြေ ဒေသ များ၌ ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည် ဖော်နိုင်ရန် အတွက် ဂျပန် နိုင်ငံမှ လူသားခြင်း စာနာမှု အကူအညီ ပေးရေး အဖွဲ့ တစ်ခု ဖြစ်သည့် နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စား လှယ်များ လာရောက် တွေ့ဆုံ ခဲ့ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

“သောက်ရေသန့် ရဖို့၊ လျှပ်စစ်မီး ရရှိဖို့၊ စာသင်ကျောင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ကူညီ ထောက်ပံ့ ပေးဖို့ ပြောတယ်။ ပြီးတော့ ကျနော်တို့ တင်ပြတဲ့ အရာတွေကို လုပ်ပေး မယ်လို့ ပြောတယ်” ဟု DKBA ၏ ကလို့ ထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

နိပွန် ဖောင်ဒေးရှင်းမှ မစ္စတာ အီမိုတိုနှင့်အတူ အခြား ကိုယ်စားလှယ် နှစ်ဦး ပါဝင်၍ DKBA အဖွဲ့အား ဌာနချုပ် စခန်း ဆုံဆည်းမြိုင်၌ သြဂုတ်လ (၂၂) ရက်နေ့က လာရောက် တွေ့ဆုံခဲ့ကာ DKBA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဖွယ်က လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

ယခု DKBA အဖွဲ့အား လာရောက် တွေ့ဆုံ ခြင်းသည် နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ် စေလွှတ်ကာ တရားဝင် လာရောက် တွေ့ဆုံ ခြင်းလည်း ဖြင်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကာ ယခင်၌ ယခု ကဲ့သို့ တွေ့ဆုံ ခဲ့ခြင်း မရှိခဲ့ ဟုလည်း ဆိုပါသည်။

တွေ့ဆုံပြီး နောက်တွင် နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ် များက ဌာနချုပ် စခန်းသို့ လှည့်လည်ကာ ကြည့်ရှူ့ သွားခဲ့ ပါသည်။

ဒေသခံ များမှ မိမိတို့ ဒေသ၌ လိုအပ်နေသည့် ဖွံ့ဖြိုးရေး အစီအစဉ် များကို စနစ်တကျ မှတ်တမ်း ပြုစုကာ နိပွန် ဖောင်ဒေးရှင်း ထံသို့ တင်ပြ ရမည် ဖြစ်ကာ ထိုအပေါ်တွင် အထောက်အပံ့ ပေးသွားမည် ဖြစ်ကြောင်း ဆိုပါသည်။

DKBA အဖွဲ့ အနေဖြင့်မူ နိပွန် ဖောင်ဒေးရှင်း၏ အကူအညီ များအား ဒေသခံ ပြည်သူ လူထု များနှင့် တိုက်ရိုက် ချိတ်ဆက်ကာ လုပ်ဆောင် ပေးသွား စေလိုကာ ဒေသခံ ဆင်းရဲသား များအား ထိထိရောက်ရောက် ကူညီထောက်ပံ့မှု ပေးနိုင်သည့် အလှူရှင်မျိုး ဖြစ်စေ လိုကြောင်း တင်ပြ ထားပါသည်။

“ပြည်သူလူထု တွေအတွက် သူတို့ စေတနာ ရှိလို့ ရှိရင် သူတို့နဲ့ တိုက်ရိုက် အလုပ်လုပ် စေချင်တယ်။ တကယ့် အလှူရှင်က ဆင်းရဲသား တွေကို ပံ့ပိုးမယ့် အလှူရှင်ပဲ လိုချင်တယ်” ဟု တွေ့ဆုံပွဲအား တက်ရောက်ခဲ့သူ ဖြစ်သည့် ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

၂၀၁၃ ခုနှစ် အတွင်းကလည်း DKBA အဖွဲ့အား နိပွန် ဖောင်ဒေးရှင်းမှ ဆန်အိတ် ၄၀၀ အား အကူအညီ အဖြစ် ပေးအပ် ခဲ့ဖူးပြီး ၄င်းအား ဒေသခံများနှင့် DKBA တပ်မိသားစု များအား ခွဲဝေ ပေးခဲ့ကြောင်း ဗိုလ်မှူးကြီး ဆန်းအောင်က ပြောသည်။

နိပွန် ဖောင်ဒေးရှင်း အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် များအား လူသားခြင်း စာနာမှု အကူအညီများကို အဓိက ပေးအပ် နေသည့် လူသားချင်း စာနာမှု အကူအညီ ပေးရေး အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်သည်။


ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၌ ၄င်း၏ အမေရိကန် ဒေါ်လာ သုံးသန်းတန် Pilot ပရောဂျက် အကူအညီ အား ဆန်နှင့် ဆေးဝါး ရိက္ခာအဖြစ် တိုင်းရင်းသား အဖွဲ့များ ထံသို့ ပေးအပ် ခဲ့ပြီး ဖြစ်သည်။

ထိုအကူအညီ များကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ တိုးတက်သောဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့အား ပေးအပ် ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် အောက်တိုဘာ လအတွင်း တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် များအား ဂျပန် နိုင်ငံသို့ ခေါ်ယူကာ “Conference on Emergency Humanitarian Aid to Myanmar Ethnic Groups” ဟူ၍ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ် ကျင်းပ ခဲ့ပြီး ထပ်မံ၍ တိုင်းရင်းသား အဖွဲ့အစည်း များအား အကူအညီ ပေးအပ် နိုင်ရေး အတွက် ကတိပြု ထားခဲ့ ပါသည်။

No comments: