Tuesday, August 27, 2013

အပစ်အခတ် သဘောတူညီချက်များ ကာကွယ်ရန် KNPP မှ တိုက်တွန်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်အစိုးရတို့ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်များကို ကာကွယ်ရန်နှင့် နိုင်ငံရေးအရ အဖြေရှာနိုင်ရန် ကရင်နီတပ်မတော်သားနှင့် မိဘပြည်သူတိုအားလုံး ကျရာ အခန်းကဏ္ဍတွင် ပါဝင်ပြီး ယိုင်းပင်း ကူညီကာကွယ်ကြရန် လိုအပ်ကြောင်း KNPP မှ ကရင်နီပြည်တပ်မတော်နေ့ သဝဏ်လွှာတွင် ဖော်ပြထား ချက်အရ သိရသည်။

၎င်းသဝဏ်လွှာကို သြဂုတ်လ (၁၇) ရက်နေ့တွင် ကျရောက်သည့် ကရင်နီပြည်တပ်မတော်နေ့ ကို ဂုဏ်ပြုသည့် အခမ်းအနားအနေဖြင့် ပထမဆုံးအကြိမ် ဖရူဆိုမြို့နယ် ကေကောကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့ကြစဉ်၌ ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအရအဖြေရှာရန် အပစ်အခတ် ရပ်စဲထားသည့် ကာလသာဖြစ်ကြောင်း ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေကြဆဲ သာဖြစ်ကြောင်း ထို့အတွက်ကြောင့် ပြည်သူများအနေဖြင့် ယခုကာလသည် ငြိမ်းချမ်းရေးဟု မထင်မှတ်စေလိုသေးကြောင်း ဗိုလ်ခဲရိုသန်း - ပါတီအရံဗဟိုကော်မတီဝင်က အခမ်းအနားအပြီးတွင် ပြောသွားသည်။

"ကျနော်တို့ဒီအချိန်ဒီအခါမှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာ နိုင်ငံရေးစကားပြောနိုင်ဖို့ ဒီလက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးမဟုတ်သေးဘူး အဲဒီစကားပြောနိုင်ဖို့အတွက် လက်မှတ်ထိုးတာပဲ တချို့သောပြည်သူတွေက နားလည်တာက ငြိမ်းချမ်းရေးရပြီလို့ မြင်နေကြတယ်။ ကျနော်တို့ကိုယ်ကျနော်တို့သိထားရမှာက ဒါက ငြိမ်းချမ်းရေးမဟုတ်ဘူး နိုင်ငံရေး စကားပြောနိုင်ဖို့အတွက် တဖက်နဲ့တဖက် မပစ်မခတ်ကြအောင်ကျနော်တို့ လောလောဆယ်မှာ အပစ်ရပ်ဆိုင်းထားတာပေါ့" ဟု ပြောသည်။

၂၀၁၂ ခုနှစ် မတ်လကတည်းကပင် အပစ်အခတ်ရပ် လက်မှတ်ရေးထိုးကြခဲ့ကြသည်မှာ ယခုဆိုလျှင် ဒုတိယ အကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးကြပြီး ဖြစ်သော်လည်း ဒေသခံလူထုတော်တော် များများက ကောင်းစွာ သဘောမပေါက်ကြသေးပဲ ရှိနေကြသည်ဟု သိရသည်။

ထို့ကြောင့် ကေကောကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်သည့် (၆၅)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားတွင် မိဘပြည်သူများနှင့် တပ်မတော်များအားလုံး သဘောတူညီ ဆွေးနွေးထားချက်များကို ကာကွယ်ရန် တိုက်တွန်းထားခြင်း ဖြစ်သည် ဟု သိရသည်။

တပ်မတော်များ အပါအဝင်၊ ငြိမ်းချမ်းရေး ယူထားကြသည့် လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ကြသော ကရင်နီလူမျိုးပေါင်း စုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(KNPLF)၊ ကရင်နီအမျိုးသားဒီမို ကရက်တစ်ပါတီ(KNDP)၊ ကယန်းပြည်သစ်ပါတီ(KNLP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) နှင့် ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP) တို့မှ ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြသည်။

No comments: