Monday, October 28, 2013

နန်းမော်ကယ် ကျောက်မီးသွေးစက်ရုံတည်ဆောက်မှု ကန့်ကွက်မှုများပြား တိုင်းဒေသကြီး ၀န်ကြီးချုပ်က မစိုးရိမ်ရဟုဆိုသော်လည်း စိုးရိမ်နေဆဲဟု ဒေသခံများဆို

နေမျိုး

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် နန်းမော်ကယ် ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်ပြီး ထောက်ခံသူများရှိသော်လည်း ကန့်ကွက်သူပိုမိုများပြားသည်ဟု ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး ကွင်းဆင်း လေ့လာရေး ဆောင်ရွက်နေသူ ရှစ်လေးလုံး အင်အားစုမှ ဥပဒေအကြံပေး ဦးအေးမြင့်က အောက်တိုဘာ ၂၇ တွင် ပြောသည်။

အဆိုပါ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန်အတွက် ရှစ်လေးလုံးအင်အားစု၊ ကဘော်လွင်ပြင် စောင့် ကြည့်ရေးအဖွဲ့၊ အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက်အဖွဲ့များက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ ရာ ကန့်ကွက်သူ ပိုများသည်ဟု ၎င်းကဆိုခြင်း ဖြစ်သည်။

အဆိုပါ စက်ရုံတည်ဆောက်ရန်အတွက် ကလေးဝမြို့ရှိ ပါတီတချို့နှင့် လူတစ်စုတို့က စက်ရုံတည်ဆောက် ရေးကို သဘောတူကြသော်လည်း အများစုသဘောမတူဟု ဦးအေးမြင့်က ဆိုသည်။

၎င်းက “ကျွန်တော်တို့ ကွင်းဆင်းတော့ ဒေသခံတွေက လုံးဝသဘောမတူဘူး။ ဒေသအတွက် ဆိုးကျိုးတွေ များတယ်။ မီးကလည်း တစ်ယူနစ်ကို ၅၀၀ လောက်ကျမယ်။ မြေယာတွေ ထိခိုက်မယ် ဘေးထွက်ဆိုးကျိုး တွေလည်း များတယ်။ စွန့်ပစ်မယ့်နေရာလည်း မတိကျဘူး။ အပြင်းအထန် ကန့်ကွက်တယ်။ ဒီစက်ရုံနဲ့ ပတ်သက်ပြီး မြို့လူထုက ထောက်ခံတဲ့ဘက်မှာ နည်းပါတယ်၊ ကန့်ကွက်တဲ့ဘက်က များပါ တယ်” ဟု ပြောသည်။

အဆိုပါ စက်ရုံတည်ဆောက်ရေးနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က ကလေးမြို့တော် ခန်းမတွင် အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံပွဲပြုလုပ်ပြီး မစိုးရိမ်ရန် ပြောကြားခဲ့ကြောင်း ၂၇ ရက်ထုတ် ကြေးမုံသတင်းစာ၏ သတင်းတစ်ပုဒ်တွင် ပါရှိသည်။ သို့သော်လည်း ဒေသခံများက စိုးရိမ်နေသည်ဟု လည်း ဦးအေးမြင့်က ဆိုသည်။

၎င်းက “ဟိုက နည်းပညာနဲ့ ဒီမှာလုပ်မယ့် နည်းပညာက မတူဘူးလေ။ သူများနိုင်ငံမှာ ဆောက်တာက အဝေးကြီးမှာရှိတဲ့ နွားမွေးမြူရေးခြံတွေဆီမှာ ဆောက်တာ၊ မြေရိုင်းတွေမှာ ဆောက်တာ၊ ရွာတွေနဲ့နီးတဲ့ နေရာတွေမှာ ဆောက်တာ မဟုတ်ဘူး။ ဒီမှာက လူနေတော၊ ယာတော၊ အခင်းတွေမှာ တောမှာ ဆောက် တာ၊ စွန့်ပစ်ပစ္စည်းကလည်း မြစ်ချောင်းအင်းအိုင်ဆီ မရောက်ဘူး” ဟု ဆိုသည်။

စက်ရုံတည်ဆောက်ပြီးစီးမှသာ လျှပ်စစ်မီးပေးနိုင်မည်ဖြစ်ပြီး တည်ဆောက်ဆဲကာလတွင် အင်ဂျင် နှစ်လုံး ဖြင့် မြို့ကို လျှပ်စစ်မီး ပေးဝေမည် ဖြစ်သည်။

စက်ရုံစီမံကိန်းလုပ်ကွက်သည် ခန့်မှန်းခြေ နှစ်မိုင်ပတ်လည်ခန့် ကျယ်ဝန်းပြီး ရွာများ ဖယ်ပေးရခြင်း၊ မြစ် ချောင်းများအတွင်း စွန့်ပစ်ပစ္စည်းများ မစွန့်ပစ်ခြင်းနှင့် လျှပ်စစ် မီတာခဈေးနှုန်း ဖြေလျှော့ပေးမည်ဆိုပါက ဒေသခံများ သဘောတူနိုင်သည်ဟုလည်း ဦးအေးမြင့်က ပြောသည်။

ကုမ္ပဏီဘက်က ပွင့်လင်းမြင်သာမှုရှိရန် နှင့် ဒေသခံများဆန္ဒသဘောထားကို ရှင်းရှင်းလင်းလင်း ရယူသင့် ကြောင်းလည်း အထက်ချင်းတွင်း လူငယ်အဖွဲ့ဝင် ကိုသူရက “ပိုက်ဆံရှိတဲ့သူတွေက လိုက်စည်းရုံးနေ တယ်၊ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်တာကို ကောင်းတယ်၊ ဘာညာပြောကြတယ်။ ရွာတွေ မှာရော၊ အဖွဲ့အစည်းတွေကရော သဘောမကျဘူး၊ မလုပ်စေချင်တဲ့သူတွေက များတာပေါ့၊ ကာဗွန်ထွက်မှာနဲ့ တောင်တွေပြုန်းသွားမှာ ဒေသခံတွေက ကြောက်တယ်” ဟု ပြောသည်။

အဆိုပါစက်ရုံ တည်ဆောက်မည့်နေရာတွင် ကျေးရွာ ခြောက်ရွာခန့်ရှိပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်ခန့် ရှိသည်။

စက်တင်ဘာ တတိယအပတ်က ရှစ်လေးလုံးအင်အားစု (ကလေးမြို့)မှ ကြေညာချက် တစ်စောင်ထုတ်ပြန် ကာ “စက်ရုံအား ဒေသခံများက သဘောမတူသည့်အပြင် ဆိုးကျိုးများပြား၍ သဘောမတူနိုင်ကြောင်း” ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ နန်းမော်ကယ်ကျေးရွာအနီးတွင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့်အစီအစဉ်ကို ဒေသခံများက ကန့်ကွက်သည့် ပြည်သူ့ပန်ကြားလွှာကိုလည်း အောက်တိုဘာလဆန်းတွင် သမ္မတထံ ပေးပို့ခဲ့သေးသည်။

နန်းမော်ကယ် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံစီမံကိန်း တည်ဆောက်ရန် ၂၀၁၀ ခုနှစ်မှ စတင်ကာ လာရောက် လေ့လာမှုများပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေတိုင်း တာမှုများ၊ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီဟု ဒေသခံများက ပြောသည်။

ထိုစီမံကိန်းကို စင်ကာပူ ကုမ္ပဏီတစ်ခု နှင့် မြန်မာကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

No comments: