Thursday, May 1, 2014

ပြည်သူလူထုတိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ ကွင်းဆင်းဆောင်ရွက်ခြင်း မရှိသေး

စည်သူမောင်မောင်

ဧရာဝတီတိုင်းလွှတ်တော်၊ ပြည်သူလူထု၏တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီတွင် မြေယာ အမှုအခင်းတိုင်ကြားစာများ အများဆုံးအဖြစ် ရောက်ရှိနေသော်လည်း ဖြေရှင်းဆောင်ရွက်ရန် ကွင်းဆင်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကော်မတီ အတွင်းရေးမှူးဖြစ်သူ လပွတ္တာမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဖြေရှင်းနိုင်မှုမရှိသည့်အတွက် အဆိုပါကော်မတီသို့ တိုက်ရိုက်တိုင် ကြားလာခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကော်မတီမှာတော့ တိုင်ကြားစာတွေကို စာရင်းသွင်းပြီးတာ ၄၀၀ လောက်ရှိတယ်။ ကော်မတီက တိုင် ကြားစာတွေကို အောက်ခြေဆင်းပြီး၊ စုံစမ်းပြီး လွှတ်တော်ဥက္ကဋ္ဌကို တင်ပြမယ်။ အခုတော့ ကော်မတီက အစည်းအဝေးသုံးခါတော့ ခေါ်ပြီးပြီး။ တိုင်ကြားစာတွေကိုတော့ ကွင်းဆင်းစစ်ဆေးတာ မလုပ်ရသေး ဘူး”ဟု ဦးဇော်ဝင်းက ဆိုသည်။

ကော်မတီသို့ ပေးပို့တိုင်ကြားစာများတွင် မြေများကိစ္စ အများဆုံးဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ဘက်လိုက် ဆောင်ရွက်မှုများ၊ တရားစီရင်မှုနှင့်ပတ်သက်သော တိုင်စာများနှင့် ဌာနဆိုင်ရာများကို မကျေနပ်ချက်များ တိုင်ကြားထားသည်ဟု ဆိုသည်။

“စာတွေပို့ထားတယ်။ များတယ်။ နောက်ထပ် စာရင်းမသွင်းရသေးတာတွေရှိတယ်”ဟုလည်း ဦးဇော်ဝင်း က ထပ်ပြောသည်။ မြေယာပြဿနာတိုင်ကြားစာများတွင် တာဝန်မကျေဟုဆိုကာ သိမ်းခံရမှု၊ လယ်ပြန်ငွေ ပြန်ကိစ္စ၊ အကြွေးဖြင့်သိမ်းသည့် မြေယာပြဿနာများ၊ အမွေခွဲဝေမှုဆိုင်ရာ လယ်မြေပြဿ နာများနှင့် အုပ်ချုပ်ရေးနှင့် ဆက်စပ်နေသည့် မြေယာ သိမ်းဆည်းမှုများလည်း ပါဝင်နေသည်။

“အဓိက အောက်ခြေမှာ မြေယာအမှုတွေကို ကိုင်တွယ်ဆောင်ရွက်ရမှာ ကြန့်ကြာမှုတွေဖြစ်နေတယ်။ အငြင်းပွားအမှုတွေဆို အချိန်ကာတော့ ဘယ်သူကလုပ်ရမှန်းမသိ ဖြစ်နေတယ်။ မြေယာပြဿနာတွေမှာ အုပ်ချုပ်ရေး ဘက်လိုက်ဆောင်ရွက်တာတွေလည်း ရှိတော့ အခု ပြည်သူတွေက ကော်မတီကို တိုင်ကြား တာ၊ ကော်မတီက စုံစမ်းပြီး လွှတ်တော်ကို တင်ပြပေးမယ်။

ဖြေရှင်းဆောင်ရွက်ပေးရမှာတော့ အစိုးရပဲဖြစ်တယ်။ အစိုးရတိုင်လို့ ကြာနေတယ်။ မထူးလို့ ကော်မတီ ဆီဆက်ပို့တာပါ။ ကော်မတီဆီ ရောက်တဲ့ တိုင်ကြားစာတွေက သက်ဆိုင်ရာတွေ တိုင်ကြားပြီးသားတွေ တော့များတယ်”ဟု ဦးဇော်ဝင်းက မှတ်ချက်ပြုထားသည်။

ဧရာဝတီတိုင်းတွင် ကော်မတီ ၁၃ ခုရှိပြီး၊ ပြည်သူလူထု၏ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာ ကော်မတီအား ၂၀၁၃ ဇန်န၀ါရီလတွင် လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည်။

No comments: