Thursday, May 1, 2014

KNU တပ်မဟာ (၇)က အဝေးပြေးယာဉ်လိုင်း သြဂုတ်လတွင် ပြေးဆွဲမည်

ယုဝေ

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) တည်ထောင်ထားသည့် မိုးကိုစံ ကုမ္ပဏီက ဒို့မိတ်ဆွေ အမည်ရှိ အဝေးပြေးယာဉ်လိုင်းကို သြဂုတ်လတွင် စတင်ပြေးဆွဲမည်ဟု တပ်မဟာ (၇) စီးပွားရေး တာဝန်ခံ စောမိုးဇက် က ပြောသည်။

မော်တော်ယာဉ် (၈) စီးဖြင့်စတင် ပြေးဆွဲမည်ဖြစ်ပြီး နောက်ပိုင်းတွင် တိုးချဲ့သွားရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။ ယာဉ်လိုင်းကို မြဝတီ-ဘားအံ -တောင်ငူ၊ မြဝတီ -ဘားအံ- ရန်ကုန်၊ မြဝတီ-ဘားအံ- ရန်ကုန်- ပုသိမ် လမ်းကြောင်းများတွင် ပြေးဆွဲမည်ဖြစ်ပြီး ကရင်အများစု နေထိုင်သည့် မြို့နယ်များကို အဓိကထား၍ ခရီးစဉ်များ သတ်မှတ်ထားခြင်း ဖြစ်သည်။

အာရှလမ်းမကြီး ဖောက်လုပ်ပြီးစီးပါက နှစ်ထပ်ဘတ်စ်ကားများဖြင့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲရန်လည်း စီစဉ်ထားသည်ဟု ဘားအံမြို့ KNU စီးပွားရေး တာဝန်ခံ စောတင့်လွင့်က ပြောသည်။

“အာရှလမ်းမကြီးဖြစ်လာရင် အာဆီယံနိုင်ငံတွေနဲ့ ထိတွေ့ရမှာပါ။ ဒါတွေကို မျှော်လင့်ပြီး အဝေးပြေး ကားတွေကို ပြေးဆွဲမှာပါ” ဟု စောမိုးဇက် က ပြောသည်။

တပ်မဟာ (၇)က KNU ဌာနချုပ်ကို ထောက်ပံ့ရန် မိုးကိုစံကုမ္ပဏီကို ၂ဝ၁၃ခုနှစ် သြဂုတ်လတွင် တည်ထောင်ခဲ့ပြီး ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လောင်စာဆီ တင်သွင်းခြင်း လုပ်ငန်းများလည်း လုပ်ကိုင်လျက် ရှိသည်။

KNU နှင့် မြန်မာအစိုးရတို့သည် ၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းက ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲပြီးနောက်တွင် ရပ်တည်နိုင်ရန် တရားဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားသည်ဟု အစိုးရကလည်း ပြောကြားထားသည်။

No comments: