မိုးဇော်
ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ်က ပြဿနာများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ယင်းပြဿနာများ၏ အကျိုးအဆက်များကို ဒေသခံများအနေဖြင့် ယခုထက်ထိ ခံစားနေရသောကြောင့် မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်အတွက် ရေးဆွဲနေသော Action Plan များကို အမြန်ဆုံးထုတ်ပြန်ပေးဖို့ ပြင်သစ်သံအမတ်ကြီး Mr.Thierry Mathou က ရခိုင်သို့ရောက်ရှိစဉ် တောင်းဆိုလိုက်သည်။
ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပါအ၀င် ရခိုင်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းလေ့လာခဲ့ပြီး ယခုလာသော ရွယ်ရည်ချက်များကို ရှင်းလင်းတင်ပြရန် ပြင်သစ်သံအမတ်ကြီးက ဇွန်လ ၂၀ ရက်နေ့က ရွှေသဇင်ဟိုတယ်တွင် စစ်တွေမြို့ရှိ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
" အစိုးရက ကျနော့်ကိုပြောပါတယ်။ ရခိုင်အတွက် Action Plan ချနေတယ်လို့ပြောပါတယ်။ ဒီအစီအစဉ်တွေ ချနေတာကိုလည်း အမြန်ဆုံး ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီလိုမျိုးထုတ်ပြန်လာလို့ရှိရင်လည်း စိတ်ဝင်စားစရာ အချက်တွေ အများကြီး ပါလာမယ်လို့လည်း ထင်ပါတယ်။ အဲဒီအခါကျမှသာ အားလုံးက ကူညီဆောင်ရွက်ကြလိမ့်မယ်။ " ဟု Thierry ကပြောသည်။
ပြင်သစ်သံအမတ်မှာ မြန်မာနိုင်ငံသို့ လာရောက်သည်မှာ ယခုတစ်ကြိမ်ဆိုလျှင် ၇ ကြိမ်မြောက်ဖြစ်ပြီး ရခိုင်ပြည်တွင် ဒေသခံရခိုင်များနေထိုင်သည့် ဒုက္ခသည်စခန်းများနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့သွားရောက်စဉ် ရခိုင်ပြည်တွင် ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်နည်းနေပြီး ဒုက္ခသည်စခန်းများမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု၊ စားဝတ်နေရေး အဆင်မပြေမှုနှင့် သွားရေးလာရေးအဆင်မပြေမှုများစသော ယင်းလိုအပ်ချက်များကို လုပ်ပေးရန်လိုအပ်နေပြီး ယင်းအကူအညီများရရှိရန်မှာ ရခိုင်ပြည်တည်ငြိမ်အေးချမ်းမှ ပြင်သစ်၏ အကူအညီများအပါအ၀င် အခြားနိုင်ငံတကာက အကူအညီများ ၀င်ရောက်လာမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
ဆက်လက်ပြီး ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေသည်မှာ တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးလုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ငြိမ်အေးချမ်းရန်မှာလည်း ဖြစ်ပွားနေသော ပြဿနာများကို အမြန်ဆုံးဖြေရှင်းရန် ပြင်သစ်အစိုးရအပေါ် မူတည်နေခြင်းမဟုတ်ဘဲ မြန်မာအစိုးရမှ လုပ်ရမည့်အလုပ်သာဖြစ်ကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်းမည့်သူများအား သူတို့အနေဖြင့် ကူညီပေးမည်ဖြစ်ကြောင်း ပြင်သစ်သံအမတ်ကြီးက အကြံပြုတိုက်တွန်းထားသည်။
မြန်မာအစိုးရအနေဖြင့် တချိန်တည်းမှာလုပ်ပေးရမည့်အချက်မှာ တရားဥပဒေစိုးမိုးရေးကိုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ၁၉၈၂ ခုနှစ်ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရမည်ဖြစ်ပြီး မည်သူတို့က နိုင်ငံသားဖြင့်သင့်၊ မဖြစ်သင့် စပြီးလုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်မရသေးသည့် သူတို့အတွက်လည်း အစိုးရအနေဖြင့် စဉ်းစားပေးရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်တောင်းဆိုထားသည်။
ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ Action Plan ရေးဆွေးရေးစီမံချက်နှင့် ပတ်သက်၍ ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနတွင် ပြည်ထောင်စုအဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်မောင်အုန်းအပါအ၀င် အစိုးရဖက်မှ သက်ဆိုင်ရာ ဌာန၊ ၀န်ကြီးများနှင့် ရခိုင်လူ့မှုအဖွဲ့အစည်းများတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment