မင်းမင်း
သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူပြီး ရာထူးမှ အနားပေးလိုက်၍ ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေးအတွက် ဧရာဝတီတိုင်းသားများက ဇူလိုင်လ ၁ရက် နံနက်က ပုသိမ်မြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ရာ ပုသိမ်မြို့ရှိ အဓိကလမ်းမကြီးဖြစ်သည့် မဟာဗန္ဓုလလမ်းမှ ဖြတ်သန်းသွားခွင့်မပြုဘဲ လူနေရပ်ကွက်များထဲမှ လမ်းသွယ်များမှသာ ဖြတ်သွားခွင့် ပြုခဲ့သည်။
ဆန္ဒထုတ်ဖော်ရာတွင် လှည့်လည်ဆန္ဒထုတ်ဖော်မည့် လမ်းကြောင်းကို ဆန္ဒပြသူများ စိတ်ကြိုက် သွားခွင့်မရဘဲ အာဏာပိုင်များက ချပေးသည့် လမ်းကြောင်းကသာ သွားရခြင်း ဖြစ်သည်။
ဦးဆန်းဆင့်အား ဖမ်းဆီးကာ၊ ရာထူးမှရပ်နားခြင်းအတွက် ဆန္ဒထုတ်ဖော်ပွဲကို လူ ၁၀၀၀ခွင့်ပြုမိန့်ရထားသော်လည်း လူ၈၀သာ ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒဖော်ထုတ်ပွဲ့ကို လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်က ဦးဆောင်ကာ ဧရာဝတီတိုင်းအတွင်းရှိ ငပုတော၊ ကျုံပျော်၊ သာပေါင်းနှင့် ပုသိမ်မြို့မှ ဧရာဝတီတိုင်းသား ၈၀က နံနက် ၁၀နာရီတွင် ပုသိမ်မြို့ ကံသာယာဘောလုံးကွင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ကြပြီး နံနက် ၁၁နာရီတွင် မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။
ဆန္ဒဖော်ထုတ်သူများက "ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး" "ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်း မခံရဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေး" "အမှန်တကယ် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူများအား အရေးယူခွင့် ရရှိရေး" "အမှန်တကယ် ကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ပေးရေး" စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။
ပုသိမ်မြို့အတွင်းရှိ လမ်းသွယ်များကြားတွင် ရဲနှစ်ဦးခန့်စီ လုံခြုံရေး ယူထားသည်ကိုလည်း တွေ့ရသည်။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ရက် နေ့လည်က အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရမည်းသင်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည်။
No comments:
Post a Comment