ကြယ်ပြာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီး မူဆယ်-နမ့်ခမ်းလမ်း လုံခြုံရေးယူထားသော ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်၍ လူငယ်တစ်ဦးသေဆုံးခဲ့ရသည့် ကိစ္စကို သမ္မတ၊ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထားသည်ဟု နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ဇူလိုင်လ ၂၄ ရက်က ပြောသည်။
“ပြည်သူတွေက ကျေနပ်မှု မရှိဘူး။ သတင်းမှန် မပေါ်ရင်၊ ရိုးသားမှု မရှိဘဲလုပ်သွားမယ်ဆိုရင် လူငယ်ပိုင်းတွေက ဆန္ဒထုတ်ဖော်မယ်လို့ သတင်းရထားပါတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်မယ်ဆိုတာကို စောင့်ကြည့်ဦးမယ်”ဟု ဦးစိုင်းတင်ဦးက ပြောသည်။
သေဆုံးသူ ကိုစိုင်းရန်အောင်ရှင်း (ခေါ်) စိုင်းပေါင်းပေါင်းသည် အသက် ၂၄ နှစ်အရွယ်ရှိပြီး ပန်းရံ အလုပ်သမားတစ်ဦးဖြစ်ကာ နမ့်ခမ်းမြို့၊ ပေါက်လုံရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
ဇူလိုင်လ ၂၃ ရက် ည ၇ နာရီခွဲခန့်က ကိုစိုင်းရန်အောင်ရှင်းနှင့် ၎င်း၏သူငယ်ချင်းတစ်ဦးတို့ ဆိုင်ကယ်စီး၍ နမ့်ခမ်းမြို့၊ နောင်စန့်ရပ်ကွက်သို့ သွားစဉ် မြို့မပြည်သူ့စစ်အဖွဲ့က သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူသည် ချင်းချိဆိုသူဖြစ်ပြီး မြို့မပြည်သူ့စစ် (ပန်းဆေး ပြည်သူ့စစ်)အဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟု ပစ်ခတ်သူချင်းချိကိုယ်တိုင်က ရဲစခန်းတွင် ၀န်ခံထားသည်ဟု ဒေသခံများနှင့် သေဆုံးသူ၏မိသားစုဝင်များက ဆိုကြသည်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၂၅ ရက်တွင် နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ အပါအ၀င် နိုင်ငံရေးပါတီများကို နမ်းခမ်းမြို့နယ်ရှိ အစိုးရတပ်မတော် ခြေလျင်တပ်မ (၈၈)တပ်မှူးက ခေါ်ယူမေးမြန်းခဲ့သည်ဟု ၎င်းတို့က ပြောသည်။
No comments:
Post a Comment