Monday, July 28, 2014

ကေအန်ယူ တပ်မဟာ ၇ က တန်ဖိုးနည်းအိမ်ရာ အလုံးနှစ်ရာ ဆောက်လုပ်မည်

ယုဝေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၇ က ဦးစီး၍ တန်ဖိုးနည်းအိမ်ရာ အလုံးနှစ်ရာကို ဒီဇင်ဘာလအတွင်း စတင်ဆောက်လုပ်မည်ဟု တပ်မဟာ ၇ စီးပွားရေးတာဝန်ခံ စောမိုးစတ်၏ ပြောရေးဆိုခွင့်ရှိသူ စောတင့်လွင့်က မဇ္ဈိမကို ပြောသည်။

နေအိမ်တစ်လုံးလျှင် တန်ဖိုး သိန်းငါးဆယ် ကျသင့်မည်ဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဆောက်လုပ်ရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“အိမ်အတွက် ကျသင့်ငွေကိုတော့ အစိုးရက ချပေးမှာပါ။ ကျေးလက်ဒေသနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်ကပေါ့။ အိမ်တွေကို အလကားပေးမှာပါ။ ပွင့်လင်းရာသီမှ စပြီးတော့ ဆောက်မှာပါ။ ဘယ်တော့လောက် ပြီးမယ်ဆိုတာကိုတော့ မပြောတက်သေးပါဘူး”ဟု ၎င်းက ဆိုသည်။

အိမ်များမှာ အုတ်ဖိနပ်ပါရှိသည့် ပျဉ်ထောင်၊ သွပ်မိုးအိမ် အမျိုးအစားဖြစ်ပြီး လူခြောက်ဦးပါ မိသားစု အဆင်ပြေစွာ နေနိုင်သည့် အကျယ်အ၀န်းရှိမည်ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာများတွင် ဒုက္ခသည်စခန်းများရှိ ကေအန်ယူတပ်ဖွဲ့ဝင် မိသားစုများ၊ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူများကို ဦးစားပေး နေရာချထားပေးမည်ဖြစ်သည်ဟု ကေအန်ယူ တပ်မဟာ ၇ စီးပွားရေး တာဝန်ခံ စောမိုးစက်က အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

ပေ ၁၀၀x ၂၀၀ မြေကွက်များပေါ်တွင် အိမ်အကျယ် ၁၉x၂၇ ပေ အကျယ် ရှိ အိမ်တစ်လုံးစီကို ဆောက်လုပ်ထားခြင်းဖြစ်သည်။

ကေအန်ယူ တပ်မဟာ ၇ စီးပွားရေးတာဝန်ခံ စောမိုးစက်က “ကျွန်တော်တို့က အဲ့ဒီအိမ်တွေကို ပေးရောင်းတာ မဟုတ်ပါဘူး။ မရှိတဲ့သူတွေကို နေခိုင်းမှာပါ” ဟု ပြောသည်။

ဧပြီလအတွင်းက စတင်ဆောက်လုပ်သည့် မှော်ဖိုးကေဒေသနှင့် မဲသရစ်ဒေသအတွင်းရှိ တန်ဖိုးနည်းအိမ်အလုံး ၁၀၀ ကို ဇူလိုင်လအတွင်းက ဆောက်လုပ်ပြီးစီးပြီးဖြစ်သော်လည်း ယင်းအိမ်များတွင် နေထိုင်ရန် လူမရွေးချယ်ရသေးဟု စောတင့်လွင့်က ပြောသည်။

No comments: