Tuesday, July 1, 2014

ရန်ကုန်ဘူတာကြီး လမ်းဘေးစာသင်ဝိုင်းကို သင်ကြားခွင့်ရရန် မီးရထားဝန်ကြီးဌာနကို တင်ပြသွားမည်

ဖိုးစိုးသူ

ရန်ကုန်မြို့၊ မီးရထားဘူတာကြီးအတွင်း လမ်းဘေးကလေးငယ်များကို ပညာသင်ကြားပေးနေသော လမ်းဘေးစာသင်ဝိုင်း (ရန်ကုန်)ကို တရားဝင်သင်ကြားခွင့်ရရန် မီးရထားဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။

“လမ်းဘေးစာသင်ဝိုင်းကို မရပ်ချင်ပါဘူး။ ဆက်ပြီး သင်ချင်တယ်။ ကျွန်တော်တို့က ဒီနေရာမှာပဲ သင်ကြားချင်တယ်”ဟု လမ်းဘေးစာသင်ဝိုင်း အထွေထွေတာဝန်ခံ ကိုစောအောင်မြင့်စိန်က ပြောသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကလေးငယ်ပေါင်း ၃၅ ဦးခန့်နှင့်စတင်ခဲ့သည့် အဆိုပါလမ်းဘေးစာသင်ဝိုင်းကို ရန်ကုန်ဘူတာကြီးရှိ ညတာဝန်ရှိသူတစ်ဦးက ဇွန်လ၂၁ ရက်တွင် စာသင်ကြားမှု မပြုလုပ်ရန် လာရောက်ပြောဆိုခဲ့သည်။ ထို့ပြင်နောက်နေ့တွင် ကလေးငယ်ပေါင်း ၁၁ ဦးကိုစည်ပင်က ထိန်းသိမ်းရန် ခေါ်ဆောင်သွားခဲ့သည်ဟု စာသင်ဝိုင်းမှ သင်ကြားမှုတာဝန်ခံ မသင်းသင်းရီက ပြောသည်။

ထို့အတွက်ကြောင့် ယခုကဲ့သို့သက်ဆိုင်ရာဝန်ကြီးဌာနကို စာတင်သွားရန်စီစဉ် ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီးအတွင်းနေထိုင်သော ကလေးငယ် ၁၁ ဦးအား ဟံသာဝတီအနီးရှိ ကလေးသူငယ်ထိန်းသိမ်းရေးတွင် ပြန်လည်ထုတ်ယူခဲ့ရပြီးနောက် နီးစပ်ရာ ဆွေမျိုးများထံ ပြန်လည်အပ်နှံပြီး စာသင်ဝိုင်းပြန်လည်သင်ကြားခွင့်ရရန် လုပ်ဆောင်သွားမည်ဟု စာသင်ဝိုင်းတွင် အကြံပေးဖြစ်သည့် ၀ဋ်ကြွေးတော်ပြေ ပရဟိတပညာဒါနကျောင်းမှ ဆရာတော်ဦးဝေပုလ္လက ပြောသည်။

“ဦးပဉ္စင်းတို့ စာသင်ဝိုင်းနဲ့ပတ်သက်ပြီး ဒီကလေးတွေကိုခေါ်သွားတာဆိုတော့ လိုက်ပြီး ဖြေရှင်းပေးတာ။ မိသားစုရှိတဲ့ လူတွေကိုတော့ ပြန်အပ်မယ်။ စာသင်ကြားချင်ရင် သင်ကြားပေးဖို့ စီစဉ်ပေးမယ်”ဟု ၎င်းက ဆိုသည်။

မည်သည့်အချိန်တွင် မီးရထားဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုသွားမည်ကို မသတ်မှတ်ရသေးသော်လည်း အမြန်ဆုံးလုပ်ဆောင်သွားနိုင်ရန် စီစဉ်နေသည်ဟု အဆိုပါအဖွဲ့က ပြောသည်။

အဆိုပါ လမ်းဘေးစာသင်ကျောင်းကို အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင် ရန်ကုန်ဘူတာကြီး၌ ပရဟိတလူငယ် ဆရာပေါင်း ၁၅ ယောက်ခန့်က စာသင်ပေးခြင်းဖြစ်သည်။

No comments: