Tuesday, July 1, 2014

မန္တလေးတက္ကသိုလ်နှင့် မန္တလာကောလိပ်မှ ကျောင်းသူကျောင်းသားများ ပူးပေါင်း၍ ကျောင်းသားသမဂ္ဂဖွဲ့စည်း

အောင်ကိုဦး

မန္တလေးတက္ကသိုလ်နှင့် မန္တလာကောလိပ်တွင် တက်ရောက်နေသော ကျောင်းသူကျောင်းသားများ ပူးပေါင်းကာ ဇွန်လ ၂၈ ရက်တွင် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမျိုးချစ်သူက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ သမဂ္ဂအဖွဲ့ကတော့ ဖွဲ့လိုက်ပြီ။ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းခွဲဝေမှုကတော့ မလုပ်ရသေးပါဘူး။ အခု လောလောဆယ်တော့ အဖွဲ့ဝင်အနေနဲ့ အားလုံးသွားနေတယ်။ အားလုံးကတော့ ဦးဆောင်သူတွေပါပဲ။ ဖွဲ့စည်းပုံနဲ့ဖြစ်သွားပြီးရင် ဥက္ကဋ္ဌတို့ ဘာတို့ အားလုံးရွေးသွားပြီး လုပ်ဆောင်သွားကြမှာပါ”ဟု ကိုမျိုးချစ်သူက ပြောသည်။

သမဂ္ဂသည် တာဝန်ခွဲဝေပုံနှင့်ဖွဲ့စည်းပုံကို ဇူလိုင်လ ၅ရက်တွင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးမည်ဖြစ်ပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး စသည်ဖြင့် ကျောင်းသူကျောင်းသားများ၏ ဆန္ဒအတိုင်း ရွေးချယ်သွားမည်ဖြစ်သည်။ သမဂ္ဂက ပရဟိတလုပ်ငန်းများ စတင်လုပ်ကိုင်သွားမည်ဖြစ်ပြီး မူဝါဒ တစ်ခုချမှတ် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

“လောလောဆယ် ပရဟိတအသွင်နဲ့ပဲ သွားမယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ ကျောင်းသူ ကျောင်းသားတွေမှာ စိုးရိမ်စိတ်တွေ ရှိနေတယ်။ မလုပ်ရဲကြဘူး။ ဒါကြောင့် ကျွန်တော်တို့ ပရဟိတလုပ်ငန်းတွေ လုပ်သွားမယ်။ သူတို့နဲ့ထိတွေ့မှု များများလုပ်ပြီး ယုံကြည်လာအောင် လုပ်ဆောင်ကြမှာပါ။ ထိတွေ့မှုတွေများလာပြီဆိုတာနဲ့ စည်းရုံးမှုတွေ၊ ဟောပြောမှုတွေ လုပ်သွားမှာပါ”ဟု ကိုမျိုးချစ်သူက ပြောသည်။

ကျောင်းသားများသမဂ္ဂသည် ဆုံးရှုံးနေသော ကျောင်းသူ၊ ကျောင်းသားများ၏ အခွင့်အရေးများကို ပြန်လည်ရရှိစေရန် လုပ်ဆောင်မည်ဖြစ်သကဲ့သို့ ကျောင်းသူကျောင်းသားများ၏ အခက်အခဲများကို ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းသားသမဂ္ဂသည် ခေတ်အဆက်ဆက်သမိုင်းကို ဦးဆောင်ကြသူများဖြစ်ခဲ့သောကြောင့် ယခုဖွဲ့စည်းလိုက်သော ကျောင်းသားသမဂ္ဂသည်လည်း အနာဂတ်သမိုင်းကို ဦးဆောင်သွားမည် ဖြစ်သည်။

“ဖွဲ့စည်းလိုက်တာ ကောင်းပါတယ်။ ကျွန်တော်တို့လည်း ပါဝင်ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ ခေါင်းဆောင် တင်ဖို့ကျတော့ အခက်တွေ့နေလို့ ကျွန်တော်တို့ ညှိနှိုင်းနေကြပါတယ်။ ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်က ကျွန်တော်တို့ ကျောင်းသူ၊ ကျောင်းသားတွေကို ဦးဆောင်နိုင်သူဖြစ်ရမှာဖြစ်သလို ကျောင်းသားထုက ယုံကြည်ဖို့လည်း လိုပါတယ်။ ဒီအတွက် ညှိနှိုင်းနေပါတယ်။ ၅ ရက်နေ့ဆိုရင် အဖြေထွက်မှာပါ။ အဲဒီကျရင်တော့ ဖွဲ့စည်းပုံကို တရားဝင် သတင်းထုတ်ပြန်ပေးပါမယ်”ဟု ကိုသော်ဇင်အောင်က ပြောသည်။

လက်ရှိတွင် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းပုံနှင့် လုပ်ငန်းခွဲဝေမှု မလုပ်ဆောင်ရသေးသောကြောင့် ကိုမျိုးချစ်သူ၊ ကိုသော်ဇင်အောင်၊ ကိုထက်နိုင်နှင့် ကိုစည်သူတို့က ဦးဆောင်နေသည်။

ကျောင်းသားသမဂ္ဂကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းသွားနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

No comments: