မောင်မန်း
၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများကို မိုဘိုင်းဖုန်းမှ တစ်ဆင့် အပတ်စဉ် အကြိုမဲဆန္ဒပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု အဆိုပါ အစီအစဉ်ကို ဆောင်ရွက်မည့် Open Myanmar Initiative က Chief Technology Officer ကိုစိုးသီဟaနာင်က မဇ္ဈိမကို ပြောသည်။
ကိုစိုးသီဟနောင်က “ကြားဖြတ်ရွေးကောက်ပွဲကို စမ်းသပ်ဗားရှင်းအနေနဲ့ လွှင့်တင်မယ်။ တယ်လီဖုန်းတွေက တစ်ဆင့် ကိုယ်စားလှယ်လောင်းတွေကို မဲပေးလို့ရမယ်။ Pre Poll ရလဒ်တွေကို ထုတ်ယူထားမယ်။ မဲပေးထားတဲ့ စစ်တမ်းတွေကို ၀က်ဘ်ဆိုက်မှာ (www.omimyanmar.org) ထုတ်ပြန်မယ်” ဟု ဆိုသည်။
မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အကြိုမဲဆန္ဒပြုနိုင်သည့်အတွက် မဲဆွယ်စည်းရုံးမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း ပြည်သူလူထု၏ စိတ်ဝင်စားမှုကို တိုင်းတာနိုင်မည်ဖြစ်သည်ဟု ကိုစိုးသီဟနောင်က ပြောသည်။
သို့သော် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ကိုယ်စားလှယ်လောင်းများ မဲဆွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ အချက်အလက်စစ်တမ်းများ ကောက်ယူနိုင်ရန်ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အကြိုမဲဆန္ဒပြုသည့် အချက်အလက်များကို စစ်တမ်းကောက်ယူရာတွင် မဲပေးသူ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ရယူသွားမည်မဟုတ်ဘဲ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အလေ့အထများကိုသာ ရယူသွားရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု Open Myanmar Initiative က သုတေသနဒါရိုက်တာ ကိုအေးခိုင်က မဇ္ဈိမကို ပြောသည်။
၎င်းက“အဓိက ကောက်ယူသွားမယ့် စစ်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအချက်တွေအပေါ် အခြေခံပြီး ရွေးချယ်တယ်ဆိုတဲ့ မဲပေးတဲ့ အလေ့အထကို စစ်တမ်းကောက်နိုင်ဖို့ပါ။ ရွေးကောက်ပွဲတွေနဲ့ပတ်သက်တဲ့ ပညာပေး အစီအစဉ်တွေ ထည့်သွင်းထားပါတယ်။ တစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂလိကအချက်အလက်တွေကို ရယူသွားမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အကြိုမဲဆန္ဒပြုနိုင်ရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်သည့် အချက်အလက်များ ရရှိနိုင်ရန် အထောက်အပံ့ပေးသွားမည်ဖြစ်ပြီး အကြိုမဲဆန္ဒပြုသည့် အရေအတွက်များကို သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းအနေဖြင့် ကောက်ခံခြင်းဖြစ်သည်ဟု ကိုစိုးသီဟနောင်က ပြောသည်။
အကြိုမဲဆန္ဒပြုသည့် အချက်အလက်များကို ၂၀၁၅ ရွေးကောက်ပွဲအတွက် အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၃၃ နေရာရှိမည်ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ်မှ မဟုတ်သည့် ဆန္ဒပြုလိုသူများလည်း ၀င်ရောက်မဲဆန္ဒပြုနိုင်ရန် ဆောင်ရွက်ထားမည်ဖြစ်သည်ဟု ကိုစိုးသီဟနောင်က ပြောသည်။ မဲဆန္ဒပြုမှုကို အပတ်စဉ်ပြုလုပ်နိုင်ရန်ဆောင်ရွက်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
No comments:
Post a Comment