မောင်မန်း၊ စ, ချိုကို
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၀န်ဆောင်မှုပေးနေသော မိုဘိုင်းဖုန်းများတွင် အင်တာနက်အသုံးပြုရာ၌ Access Point Names (APN) နေရာတွင် အခြားအော်ပရောတာများ၏ အမည်ရိုက်ထည့် အသုံးပြုနိုင်သော်လည်း ယင်းလိုင်းမှာ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းကွန်ရက်တွင်သာ သုံးဆွဲခြင်းဖြစ်သည်ဟု MPT မှ ဒုတိယမိုဘိုင်းအင်ဂျင်နီယာချုပ် ဦးလင်းကိုကိုက ပြောသည်။
ဦးလင်းကိုကိုက “APN Connectionမှာ ဘယ်မိုဘိုင်းအော်ပရေတာရဲ့ နာမည်မဆို ထည့်သွင်းပြီး အသုံးပြုနိုင်ဖို့ အဆင့်မြှင့်တင်ထားပါတယ်။ ခုလို Upgrade ပြုလုပ်တာကလည်း မိုဘိုင်းအင်တာနက်အသုံးပြုသူမဆို အဆင်ပြေစွာနဲ့ သုံးစွဲနိုင်ဖို့အတွက်ပါ”ဟု ပြောသည်။
ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ရ အူရီးဒူးက မိုဘိုင်းဆင်းမ်ကတ် ရောင်းချမည့် ကိုယ်စားလှယ်များကို ဆင်းမ်ကတ်များ စတင်ချထားပေးပြီးနောက်ပိုင်း အသုံးပြုသူအများစုက APN နေရာတွင် အူရီးဒူးအမည်ကို ထည့်သွင်းအသုံးပြုခဲ့ရာ အင်တာနက်အမြန်နှုန်း ပိုမိုကောင်းမွန်သည်ဟုဆိုခဲ့သော်လည်း ယင်းလိုင်းမှာ MPT ၏ နက်ဝပ်တွင်သာ အသုံးပြုနိုင်ခြင်းဖြစ်သည်ဟု ဦးလင်းကိုကိုက ဆိုသည်။
ယင်းသို့ အသုံးပြုနိုင်ခြင်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က “APN နာမည်က အခြားအော်ပရေတာရဲ့ နာမည်ကို ပြောင်းလဲလို့ရအောင် လုပ်ထားပေမယ့် အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အော်ပရေတာကွန်ရက်က ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုကိုပဲ သုံးနိုင်မှာပါဟု ပြောသည်။
ယင်းကဲ့သို့ အူရီးဒူး၏နက်ဝပ်တွင် ၀င်ရောက်အသုံးပြုနိုင်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း လုံခြုံရေးကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက“လက်ရှိရနေတဲ့ Network မှာ ၀င်ပြီးSet up လုပ်ထားတဲ့အတွက် သူတို့ဆီမှာ ၀င်သုံးလို့ရနေတာပါ။ တချို့မရဘူးဆိုတာက ဖုန်းဟန်းဆက်တွေထဲမှာ ပါတဲ့ အတွင်းပိုင်းက တည်ဆောက်ပုံတွေ မတူလို့ ဖြစ်ပါတယ်”ဟု ဆိုသည်။
အူရီးဒူး၏ နက်ဝပ်တွင် မြန်မာ့ဆက်သွယ်ရေး၏ GSM နှင့် WCDMA ဖုန်းများမှ ၀င်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်တိုင်အသုံးပြုသည့် အိုင်တီပညာရှင်တစ်ဦးဖြစ်သူ ကိုတင်ထက်နိုင်က “GSM နဲ့ WCDMA မှာပဲ ရတယ်။ Mobile Network ထဲမှာ အမည်ကို Ooredoo လို့ ပေး။ APN နေရာမှာ internet လို့ ပေး။ Authentication type မှာ PAP or CHAP ကို ရွေးပြီး save လုပ်ပေးလိုက်ရင်ရပြီ”ဟု ပြောသည်။
ယင်းသို့ အသုံးပြုနိုင်၍ အင်တာနက် အသုံးပြုခကို အူရီးဒူးက ကောက်ခံသည်ဟု အသုံးပြုသူအများစုက ထင်မှတ်သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသာ ကောက်ခံခြင်းဖြစ်ပြီး အသုံးပြုခမှာလည်း ယခင်ကဲ့သို့ပင် တစ်မိနစ်လျှင် နှစ်ကျပ်နှုန်း ဖြစ်သည်။
No comments:
Post a Comment