ပန်းမြတ်ဇော်
မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကြရာတွင် ပြိုင်ပွဲမဝင်ခင်က ပံ့ပိုးပေးသူများ၏ လမ်းစဉ်အတိုင်း လိုက်နာ ကြသော်လည်း အောင်မြင်မှု များ ရရှိသွားသည့်အခါ တွင်၎င်းတို့၏နောက်ကွယ်မှ ပံ့ပိုးပေးကြ သူများနှင့် ပြဿနာများ ဖြစ်ကာ အဆင်မပြေ ဖြစ်လာကြသည်များ ရှိလာကြသည်။
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အလှမယ် ရွေးချယ်ရေး အဖွဲ့အစည်း များစွာ ပေါ်ပေါက် လာပြီး မြန်မာကိုယ်စားပြု အဖြစ်လည်း ဝင်ရောက် ယှဉ်ပြိုင်မှုတွေ များပြားလာခဲ့သည်။ မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် ယင်းအဖွဲ့အစည်း များသည် အလှမယ်များအတွက် အဝတ်အစား ၊ အလှအပ ၊ နေထိုင်မှု နှင့် ပြိုင်ပွဲအတွက် လိုအပ်သည့် ကုန်ကျစရိတ် များကို အကုန်အကျ ခံကာပြည်ပနိုင်ငံများကို ပေးပို့ယှဉ်ပြိုင်စေသည်။
မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆုတစ်ခုခု ရရှိကာ ပြန်ရောက်ရှိ လာသည့် နောက်ပိုင်းတွင် ယင်းပြိုင်ပွဲဝင်များသည် အဖွဲ့အစည်းနှင့် မီဒီယာများအပေါ် ပြုမူ ဆက်ဆံပုံများ နာမည်ကြီးလာသည်နှင့် အမျှများစွာပြောင်းလဲ သွားပြန်သည်။
လက်ရှိ တွင်အလှမယ် မေမြတ်နိုး နှင့် သူ၏ Organization တို့ကြား ပြဿ နာ အနည်းငယ် ဖြစ်နေပြီး အလှမယ် မေမြတ်နိုး ရရှိထားသည့် သရဖူကို ကိုရီယား နိုင်ငံဘက်ကလည်း သရဖူ ပြန်သိမ်းရန် အနေအထားမျိုး ရှိနေသည်။ ယင်းအခြေအနေများပေါ် မူတည်ပြီး အလှမယ်များ၏ နောက်ကွယ်က ပံ့ပိုးသူများ၏ ခံစားချက် များကို ဖွင့်ဟကြည့်ခဲ့သည်။
မလှနုထွန်း( Miss Globe Myanmar Organization)
လှနုတို့ဘက်ကတော့ အများကြီး ပံ့ပိုးပေးပါတယ်။ သွားပြိုင်တဲ့အခါမှာလဲ အမှတ်မလျော့အောင် နေဖို့ အမြဲပြောပေးနေ တယ်။ ခြောက်လလုံးလုံး တောက်လျှောက် အားစိုက်ထုတ်ပြီး လုပ်ပေးခဲ့တယ်။ Miss တစ်ယောက်က သိက္ခာရှိဖို့ အရေးကြီးတယ်။ အချိန်တန်လို့ ဘယ်သူမှ မသုံးတော့တဲ့ အချိန်ကျမှ နားလည် သွားမှာ။ Miss တစ်ယောက်က သရဖူဆောင်းထားရင် အရင်ကထက် ပိုပြီး ရိုကျိုးရမယ် ဘယ်သူ့ကြောင့် ဒီလို မယ်ဖြစ်လာလဲ ။အဲဒါကို သိနေရင် ဘယ်အရာကိုမှ ဆုံးရှုံးမသွားဘူး ။ နောက်ပိုင်းတော့ စာချုပ်နဲ့ပဲ ချုပ်ကိုင်ပါတော့မယ်။ လှနုအနေနဲ့ ပြောဆို ဆက်ဆံချိန်မှာ အရမ်းရိုကျိုးခဲ့တာ မှားသွားတယ်။ စိတ်နဲ့ကိုယ်နဲ့ သမီးလေး တစ်ယောက်လို မလုပ်တော့ပဲ စာချုပ်နဲ့ပဲ သွားတော့မယ်။ အခုကတော့ အရင်ပုံစံနဲ့ ပြန်လာမလားလို့ စောင့်နေသေးတယ် မလာတော့ရင် မေ့လိုက်ပါတော့မယ်။
ကိုဝေယံအောင် (Miss Golden Land Myanmar Organization )
နိုင်ငံကိုယ်စားပြု မယ်ဖြစ်လို့ အမျိုးသမီး အားလုံးရဲ့ ကိုယ်စားပြုလဲ ဖြစ်တာကြောင့် အပြောအဆို ၊ အနေအထိုင် ၊ အပြုအမူ အားလုံးက သူ့အပေါ် ထင်အပ်စေတယ်။ နိုင်ငံတကာမှာ သရဖူရခဲ့ရင် ပိုပြီး သတိထားရတယ်။ နိုင်ငံတကာ က စောင့်ကြည့်နေ တာကြောင့် လူ့ကျင့်ဝတ်အတိုင်း နေထိုင်ရမယ်။ စာချုပ်ကတော့ မဖြစ်မနေ လိုအပ်ပါတယ်။ စာချုပ်က အပြန်အလှန် ထိန်းချုပ် ထားတဲ့ သဘောပဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကျိုးပြုနိုင်ဖို့ စည်းမျဉ်းစည်းကမ်း တစ်ခု ဖြစ်တာကြောင့် စာချုပ်က ထားသင့်တဲ့ အရာတစ်ခုပါပဲ။
ကိုဂျွန်လွင်( Star & Model Agency )
အေဂျင်စီတိုင်းကတော့ အကျိုးလိုလို့ ညောင်ရေသွန်းကြတာ ကြီးပါပဲ။ သိတတ်တာ မသိတတ်တာ ထက် ဘယ်သူမဆို ကိုယ့်အပေါ် ပေးဆပ်ခဲ့တဲ့ လုပ်ပေးခဲ့တဲ့ သူတွေ အပေါ် ဘယ်သူမဆို လေးစားမှုလေး ရှိရမယ်။ တစ်ဖက်က ပေးဆပ်ခဲ့တာတွေ အရင်းအနှီးတွေ အများကြီး ရှိမှာပါ ။တစ်ယောက်နဲ့ တစ်ယောက် ညီမျှအောင် လုပ်ပေးရမယ်။ နိုင်ငံခြား မပို့ခင် ကတည်းက စာချုပ်နဲ့ လုပ်ထားရင် အကောင်းဆုံးပဲ ။ အစ်ကိုတို့ ဆီမှာအားလုံးကို စာချုပ်နဲ့ပဲ လုပ်ကိုင်တယ်။
မြန်မာနိုင်ငံတွင် အလှမယ်များ ပေါ်ပေါက် ခေတ်စားလာခြင်းသည် ၂ဝ၁၂ခုနှစ်က အလှမယ်နန်းခင်ဇေယျာ မှစတင်ခဲ့ ခြင်းဖြစ်ပြီး ၎င်းအလှမယ်များနှင့် ပက်သက်သည့် ပြိုင်ပွဲများသည်လည်း နှစ်စဉ် ရှိနေတတ်သည်။ ၎င်းအလှမယ်များကို ပံ့ပိုးနေသည့် အေဂျင်စီများ အနေဖြင့် အလုပ်မလုပ်ခင်ကတည်းက ကိုယ်ပိုင်ရှေ့နေများဖြင့် နှစ်ဦးနှစ်ဖက် စာချုပ်များ ချုပ်ဆိုကာ ကြိုတင်ပြုလုပ်သင့်ပြီး အလှမယ်များ အနေဖြင့်လည်း ရရှိထားသည့် ဂုဏ်နှင့် အညီ ဖြတ်သန်းသင့်သည်ဟု အများက သုံးသပ်ပြောကြားသည်။
No comments:
Post a Comment