Tuesday, September 30, 2014

နည်းပြနှင့် သရုပ်ပြရာထူးများအတွက် တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားနိုင်

ဇာနည်အောင်

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန နှစ်ခုအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များတွင် နည်းပြနှင့်သရုပ်ပြရာထူး လျှောက်ထားလိုသည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိစိတ် ကြိုက်ရွေးချယ်ပြီး တိုက်ရိုက်လျှောက်ထားနိုင်တော့မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည် ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွက် နည်းပြနှင့် သရုပ်ပြရာထူးများကို လာမည့် အောက်တိုဘာလဆန်းတွင် နောက်ဆုံးထား၍ ခေါ်ယူမည်ဖြစ်ပြီး ယင်းသို့ခေါ်ယူမည့် အချိန်တွင် တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်ကို ကျင့်သုံးမည် ဖြစ်သည်။

ဦးဇော်ဌေးက “နည်းပြနဲ့ သရုပ်ပြရာထူးလျှောက်ထားမှုကို အရင်က ဗဟိုက ကြီးကြပ်ခန့်ထားတာကနေ အခုစနစ်က မိမိလျှောက်ချင်တဲ့ နေရာတွေမှာ တိုက်ရိုက်လျှောက်နိုင်တယ်။ တက္ကသိုလ်အလိုက် လိုအပ် ချက်အပေါ်မူတည်ပြီး ခန့်ထားပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ၀င်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်တဲ့သူကို ခန့်အပ်တာဝန်ပေးမှာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ တိုက်ရိုက်လျှောက်ထားခြင်း စနစ်မှာ လက်ရှိအချိန်တွင် နည်းပြနှင့် သရုပ်ပြရာထူး နှစ်ခုအတွက်သာ ကျင့်သုံးမည်ဖြစ်သည်။

ယင်းစနစ်ကျင့်သုံးမည့် တက္ကသိုလ် တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ အောင်သူက “တက္ကသိုလ်တွေကို လွတ်လပ်စွာ စီမံခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ကိုယ် လျှောက်ချင်တဲ့ နေရာနဲ့တစ်ပြိုက်နက်ထဲ သုံးလေးခုမှာ လျှောက်ထားပြီး ရေးဖြေ၊ နှုတ်ဖြေ အောင်မြင်ရင် ခန့်အပ်မှာ ဖြစ်ပါ တယ်။” ဟု ပြောသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ် ၄၇ ခုတွင် အဆိုပါစနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တိုက်ရိုက်လျှောက်လွှာပေးပို့နိုင်မည် ဖြစ်သည်။ သို့သော်လည်း လျှောက်ထားလိုသူသည် ဝန်ထမ်းဖြစ်ပါက အဆင့်မြင့်ပညာဦးစီးဌာနနှစ်ခုသို့ လည်းလျှောက်လွှာ ပူးတွဲပေး ပို့ရမည် ဖြစ်သည်။

နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားလိုပါက တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ခြင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဟာဘွဲ့များ ရရှိရမည်ဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲဖြေဆို ရမည်ဖြစ်ပြီး ပါရဂူ ဘွဲ့ရရှိသူ ဖြစ်ပါက လူတွေ့စစ်ဆေးမှုသာ ဖြေဆိုရမည်ဖြစ်သည်။

အဆိုပါ စနစ်ကျင့်သုံးခြင်းနှင့် ပတ်သက်၍ ပုသိမ်တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ဦးသန်း ထိုက်အောင်က “အခုလို ပြောင်းလဲ ကျင့်သုံးတဲ့စနစ်အရ ပါမောက္ခချုပ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလာ တယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူက နည်းပြတို့ သရုပ်ပြတို့ ရရှိမှာပဲ။ သူတို့ ရွေးချင်တဲ့ သူရွေးချယ်မှာပဲ။ ဘက်လိုက်မှုမရှိဘဲ မျှတအောင် သေချာစိစစ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် စနစ်ပြောင်းလဲလည်း ဘာမှဖြစ် လာမှာ မဟုတ်ဘူး”ဟု ဆိုသည်။

နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားနိုင်ရန်အတွက် ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ် ၁၈ ခု၊ ဒဂုံတက္ကသိုလ်တွင် ၁၅ ခုစသည်ဖြင့် သတ်မှတ်ထားသည်။

No comments: