Thursday, July 23, 2015

ဖေ့ဘွတ်ပေါ်မှ စကားအဆန်းများ

K ငြိမ်းချမ်း


စာရေးသူတို့ မြန်မာနိုင်ငံတွင် မြန်မာစာ မြန်မာစကားသည် လေ့လာလျှင် လေ့လာသလောက် ကုန်နိုင်ဖွယ် မရှိပေ။ ဗျည်း ၃၃ လုံးဖြင့်သာ တည်ဆောက်ထားသော ဘာသာစကားတွင် ဝေါဟာရအသစ်အဆန်းများမှာလည်း နေ့စဉ်လိုလို ထွန်းကားလျက်ရှိသည်။

လုပ်ငန်းသုံးဆိုင်ရာ စကားလုံးများ၊ ဒေသသုံးဆိုင်ရာ စကားလုံးများ စသဖြင့် အမျိုးမျိုးရှိလျက်ရှိရာ ဥပမာအားဖြင့် သေသည်ကို ဘုရားရှင်ဟုဆိုလျှင် ပရိနိဗ္ဗာန် စံတော်မူသည်၊ ဘုန်း ကြီးဆိုလျှင် ပျံလွန်တော် မူသည်၊ အနိစ္စရောက်သည်၊ ရပ်မိရပ်ဖဆိုလျှင် ကွယ်လွန်ဆုံးပါးသည်၊ တိမ်းပါးသည်၊ လူငယ်ထုကြား ဆိုလျှင် သေသည်၊ လစ်သည်၊ ရှောသွားသည်စသဖြင့်။ စာရေးသူ မသိသေးသော စကားလုံးများပင် ရှိနေလိမ့်ဦးမည်။ တချို့အရပ်ဒေသများတွင်ဆို ကျမအမျိုးသားက မနှစ်လောက်က ပျက်စီးသွားတယ်ဟု သုံးနှုန်းသည်ကို စာရေးသူ ကြုံခဲ့ဖူးသည်။

စာရေးသူသည် စာအနည်းငယ်ရေး၍ စာအုပ်တိုက်တတိုက်တွင် စာပြင်ဆရာဝင်လုပ်စဉ်က အတော် ခေါင်းစားခဲ့ရသော စာသားတကြောင်းနှင့် ကြုံခဲ့ရဖူးသည်။ ထိုစာလုံးမှာ မှောင်ရီပျိုးစ ကားများရန်ဖြစ်နေ ဟုဖြစ်သည်။ ရုတ်တရက် ဖတ်လိုက်လျှင် မော်တော်ကားများ ရန်ဖြစ်ပြီး တိုက်ကုန်ဟု အဓိပ္ပါယ်ရောက်သွားသည်ကို သတိထားမိသည်။ အဓိပ္ပာယ်အမှန်မှာ မှောင်ရီပျိုး စကားများရန်ဖြစ်နေ ဖြစ်သည်။ စကားလုံးတလုံးမှ လျော့မသွားဘဲ အဓိပ္ပါယ်ပြောင်းလဲသွားသည်ကို သတိထားမိသည်။ အထားအသိုလွဲလျှင် အခြား အနက်အဓိပ္ပာယ် ပြောင်းသွားတတ်ကြောင်း စာရေးသူ ရခဲ့ဖူးသော သင်ခန်းစာ ဖြစ်သည်။

ယခု နည်းပညာအပြောင်းအလဲများကြောင့် စာရေးသူတို့ တိုင်းပြည်လည်း အင်တာနက်၊ ဖေ့ဘွတ်စသဖြင့် သုံးစွဲလာကြသည့်နောက် အထူးသဖြင့် လူမှုကွန်ရက်ဖြစ်သော ဖေ့ဘွတ်တွင် ဝေါဟာရအသစ်ဆန်းများ သုံးစွဲလာကြသည်ကို သတိထား ကြည့်မိသည်။ ဝေါဟာရအသစ်ဆန်းဟု ခေါ်ဆိုလိုက်သော်လည်း လူမှုကွန်ရက်တွင်တော့ တဖက်နှင့်တဖက် အထစ်အငေါ့မရှိ အဆင်ပြေနေကြသည်ကို တွေ့ရသည်။

လူမှုကွန်ရက်ပေါ်မှ ရေပန်းစားပြီး အပြင်လောကသို့ပင် ပထမဆုံးရောက်ရှိလာသော စကားလုံးမှာ အာ့လာပြောဒါ ပင် ဖြစ်လိမ့်မည်ထင်သည်။ အဆိုရှင်အသစ်တဦးမှ စီးရီးခေါင်းစဉ်အဖြစ် သီချင်းဖြစ်ခဲ့သည်။ ၎င်းနောက် ဟာသသရုပ်ဆောင် ဂွမ်းပုံနှင့် ပုဆိုးကြော်ငြာတခုတွင်လည်း ထိုစကားလုံးကို တွေ့လိုက်ရသည်။

လန့်ထှာ ဟူသော စကားလုံးကိုလည်း မကြာခဏတွေ့ရပြန်သည်။ အဓိပ္ပာယ်မှာ လန့်လိုက်တာဖြစ်သည်။ အပြောခံရသူကလည်း စိတ်ဆိုးခြင်းမပြဘဲ ကျေကျေနပ်နပ်ပင် ကာတွန်းအရုပ်ကလေးတခုနှင့် မှတ်ချက်ပြုသွားတာ မြင်ရသည်။

စာရေးသူ တွေးမိတာတခု ရှိသည်။ ဓာတ်ပုံတင်လိုက်သည့် ကာယကံရှင်အား နင့်ရုပ်ကြီးမြင်လိုက်ရတာ လန့်သွားတာပဲ၊ ရင်ထိတ်စရာဟုဆိုလျှင် မည်သူမျှ သဘောကျမည် မဟုတ်ပါ။ ဤ လန့်ထှာ ဟူသော စကားလုံးလေးကတော့ ပြောချင်သည့် အဓိပ္ပါယ်လည်းရောက်၊ အမုန်းလည်းမပွါးရဘဲ ထိရောက်သည့် အသုံးအနှုန်း ဖြစ်သည်။ နောက်တခုကတော့ ဘူလေးလဲ အာ့ဘူလေးလဲ ဆိုတဲ့စကားလုံးကို လှိုင်လှိုင်သုံးကြတာ တွေ့ရပါသည်။ ဘယ်သူလဲ အဲ့ဒါ ဘယ်သူများလဲဆိုသည့် အမေးဆိုတာ လူတိုင်းသိနေကြပြီ ဖြစ်သည်။

ဆေးထိုးတယ် ဆိုတဲ့ စကားလုံးကိုလည်း တွေ့ရတတ်သည်။ မြှောက်ပင့်သည်၊မြှောက်ပေးသည်ဟု အနက်အဓိပ္ပာယ် ရမည် ထင်သည်။ ကိစ္စရပ်တခုအား ၀ိုင်းဝန်းထောက်ခံလိုက်သောအခါ ဆေးထိုးခံရတယ်ဟု သုံးနှုန်းလိုက်သည်။ တဖက်သားလည်း ကျေကျေနပ်နပ်ဖြစ်သွားတော့သည်။

ဓာတ်ပုံလေးနှင့်တကွ ခေတ်စားနေသော စကားကတော့ ကြောတေ၀ူး ကြည့်နေတာ ဖြစ်သည်။ သူ ဘာလုပ်သည် ဘာတင်သည်ကို မပြောသေးဘဲ စောင့်ကြည့်နေတယ် ဟု အဓိပ္ပာယ်ရမည် ထင်သည်။ တချို့ကတော့ ရယ်စရာကောင်းသော ဓာတ်ပုံလေးများနှင့် အောင်မငီး ဟု ရေးကြသည်။

နောက်တခုကတော့ ကိုယ့်ဓာတ်ပုံလေး ကိုယ်တင်သောအခါ တယောက်တည်း၊ တကိုယ်တည်းဟု မြင်စေရန် တှောက်ထဲ ဟု ရေးလေ့ရှိကြသည်။ စိတ်ဆိုးစိတ်ကောက်စရာလေးများ ရှိလာလျှင်လည်း တဖက်သား သာယာနာပျော်ဖွယ် အဆဲလေးဖြစ်သော ငိုးမ ဟု သုံးနှုန်းကြသည်ကိုလည်း တွေ့ရသည်။ မင်းကတော့နာမည်ကြီးပဲ၊ လိုက် အများဆုံးရသည် ဆိုလျှင်လည်း မင်းကတော့ ဆယ်လီ ဖြစ်နေပြီဟု ပြောဆိုကြပြန် သည်ကို တွေ့ရသည်။

တချို့က ပိုက်ဆံကို ပက်စံ၊ ပိုက်ချံ ဟု သုံးနှုန်းထားသည်ကိုလည်းကောင်း အဲ့ဒါကို ညွှန်းဆိုချင်လျှင်လည်း အာ့ကို ဟု ရေးလေ့ရှိတာ တွေ့ရပြန်ပါသည်။ စာလုံးပေါင်းသတ်ပုံကျမ်းအရ မှားသည်ဆိုသော်လည်း တဖက်နှင့်တဖက်နားလည်ပြီး အဆင်ပြေနေသည့် ဝေါဟာရများပင် ဖြစ်သည်။

ခုနောက်ပိုင်းတွင် စာရေးသူ ချက်ချင်းနားမလည်နိုင်သော စကားလုံးများလည်း ရံဖန်ရံခါတွေ့ရတတ်သည်။ ဥပမာပြရလျှင် အာ့ဘာ အာ့လေးဘာ ၉၉၈၈၄ တို့ ဖြစ်သည်။ အဓိပ္ပါယ်မှာ အဲ့ဒါပါ၊ အဲ့ဒါလေးပါ ကိုကိုချစ်ချစ်လေးတို့ ပါတဲ့။

နိုင်ငံတကာကို ပြောဆိုလိုလျှင် နိုင်ဂံဒဂါ ဟုအသံထွက်အတိုင်း ရေးသားထားသည်ကိုလည်းကောင်း၊ သူငယ်ချင်း အချင်း ချင်း ရင်းနှီးခင်မင်စွာဖြင့် ဟေ့ကောင်တွေဟု ပြောဆိုလိုလျှင် ဟျောင့်ဒေ ဟု ရေးသားကြသည်ကို တွေ့ရတတ်သည်။ တနားကြဘာ စကားမပီသူတယောက်၏ အသံထွက်မျိုးဖြင့် ရေးသားလိုက်လျှင်လည်း သနားကြပါဆိုတဲ့ အနက် အဓိပ္ပာယ်ကို ချက်ချင်း မြင်ယောင်မိကြပါသည်။ ထို့အတူ ဒတိရလို့ဘာ ဟု ရေးလျှင်လည်း သတိရလို့ပါကိုပဲ ပြေးမြင်မိကြစမြဲ ဖြစ်သည်။

ပြောကျိလေ ပြောကျိပေါ့ စကားလေးကတော့ ဖေ့ဘုတ်တွင်သာမက အရပ်ထဲ၊လမ်းများပေါ်တွင်တောင် အတော် ခေတ်စားနေပြီ ဖြစ်သည်။ တင်သည့်ပို့စ်တွင် ပဲအပေးကြမ်းနေသည်ကိုတွေ့လျှင် ဆာမဂျိစတိုင် နဲ့ဟု ကောမက်များရေးသားသွားကြသည်ကို တွေ့ရတတ်သည်။ မူကွဲအနေနှင့် ဆြာမဂျီး ဟု လည်းတွေ့ရသည်။ ဆိုလိုသည့်အနက်မှာ ဆရာမကြီးစတိုင်နှင့် နေနေသည်ဟု ဖြစ်သည်။

သတင်းမေးသည့်အခါဖြစ်စေ အတည်ပြုလိုသည့်အခါဖြစ်စေ ဂယ်ဂျီးးလားဟု ရေးတတ်ကြသည်။ တကယ်လား၊ တကယ်ပဲလား ဆိုသော သဘောမျိုးပင်ဖြစ်သည်။ မကြာသေးမီက ပြီးဆုံးသွားသော ကမ္ဘာ့ဖလားဘောလုံးပွဲတွင်တော့ ဖေ့ဘုတ်တခွင် ရေပန်းအစားဆုံးစကားလေးကတော့ မြန်မာ မြန်မာ ဒုံးဒုံး ပင် ဖြစ်သည်။ မြန်မာ မြန်မာ ဒုံးဒုံးဟုရေးလိုက်လျှင်ပင် မြန်မာကို အားပေးနေမှန်း သိသာစေလှသည်။ နောက်ပိုင်းများတွင် ကိုယ်အားပေး (share) ရှယ်လုပ်ချင်သူများ၏အမည်နာမနောက်တွင် ဒုံးဒုံးဟုရေးကာ အားပေးလျက် ရှိသည်ကို လည်း တွေ့ရသည်။

စာရေးသူ ဖေ့ဘုတ်စသုံးကာစကဆိုလျှင် အထက်ပါ အသုံးအနှုန်းများကို မဖတ်တတ်သေး နားမလည်သေးပါ။ မေးမြန်းပြီး တဖြည်းဖြည်း နားလည်တတ်လာရသည်။ အထက်ပါ ကောက်နုတ်ဖော်ပြသော ဖေ့ဘုတ်ပေါ်က စကားလုံးများသည် အလုံးစုံ ပြည့်စုံခြင်းမရှိသေးပါ။ စာရေးသူ မြင်သလောက်သာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။ သုတေသီများ၊ဘာသာဗေဒ ကျွမ်းကျင်သူများက ဆက်လက်စောင့်ကြည့် မှတ်တမ်းပြုစုပြီး မြန်မာစကားနယ်ပယ်၏ ချဲ့ထွင်နိုင်မှုကို သတိပြုနိုင်ရန် ရည်ရွယ်လိုက်ပါသည်။

No comments: