Tuesday, August 18, 2015

NCA ကို လက်မှတ်ထိုးမည်ဟု အရေးပေါ် အစည်းအဝေးတွင် KNU ဆုံးဖြတ်

ကေအိုင်စီ

ကရင်အမျိုးသားအစည်းအးရုံး(ကေအဲန်ယူ)သည် အစိုးရနှင့် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေရှိ လေးဝါးစခန်း၌ သြဂုတ်လ ၁၄ရက်မှ ၁၅ရက်နေ့အထိ နှစ်ရက်တာကျင်းပခဲ့သည့် KNU ၏ (၅)ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအ ဝေးက ဆုံးဖြတ်လိုက်သည်။

(NCA) စာချုပ် လက်မှတ်ရေးထိုးမည့်အပေါ် KNU ၏ သဘောထားနှင့် ပတ်သက်၍ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူး ၀င်းက “တစ်ဖွဲ့ချင်းအနေနဲ့ ကျနော်တို့ KNU က စာချုပ်ကိုလက်မှတ်ထိုးဖို့ လက်ခံဆုံးဖြတ်တယ်။ ဆိုလိုတာက အကုန်လုံး ပါဝင် ရေးမူကို ဆန့်ကျင်တာမဟုတ်ဘဲ တဆင့်ချင်း လုပ်ဆောင်သွားရမယ်လို့ ယူဆတဲ့အတွက် အကောင်အထည်ဖော်သွားမယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ အကုန်လုံးပါမှ လက်မှတ်ရေးထိုးမယ်ဆိုတဲ့မူကို အသေမကိုင်ဘူး။ နည်းလမ်းရှာပြီးတော့ လက် မှတ်ရေးထိုးမှာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် NCA လက်မှတ်ထိုးရာတွင် အစိုးရဘက်မှ အကုန်လုံး ပါဝင်လက်မှတ်ရေးထိုးရေးမူကို လက်ခံနိုင်ခြင်း မရှိသည့်အနေ အထားကို ကျော်လွှားနိုင်ရန်အတွက် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ကျန်ရှိသည့်အဖွဲ့များ ပါလာနိုင်အောင် တခြားလက်မှတ် ရေးထိုးမည့်အဖွဲ့များနှင့် စုပေါင်းကာ တဆင့်ချင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

KNU ဗဟိုအမြဲတမ်းကော်မတီဝင်များ၏ အရေးပေါ် အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့(EAOs SD) နှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)တို့၏ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးရလဒ်ကို သဘော တူလက်ခံပြီး NCA ကို ပါဝင်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်သည်ဟု သြဂုတ်လ ၁၅ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် KNU အနေဖြင့် ဘ၀တူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အတူတကွ လက်မှတ်ရေးထိုး နိုင်ရေးကိုလည်း ကြိုးပမ်းသွားရင်း အကြောင်းအမျိုးမျိုးကြောင့် NCA ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအတွက် နိုင်ငံရေး၊ စစ်ရေး အာမခံချက်နှင့် လူမှုရေးစာနာထောက်ထားမှု အခွင့်အရေး ရရှိရန် ၀န်းရံကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

NCA နှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လာမည့် သြဂုတ်လ ၂၁ရက်မှ ၂၃ရက်နေ့အထိ ထိုင်း နိုင်ငံ၊ ချင်းမိုင်မြို့၌ ထပ်မံတွေ့ဆုံကြမည်ဖြစ်ပြီး KNU ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲနှင့် ကာကွယ်ရေးဋ္ဌာနတာဝန်ခံ ပဒိုစောရောဂျာခင်တို့ တက်ရောက်သွားမည်ဖြစ်သည်။

ယင်းတွေ့ဆုံမူတွင် NCA စာချုပ်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တဖွဲ့ချင်းဆီ သဘောထားများ ကို တင်ပြဆွေးနွေးပြီး မည်သည့်အဖွဲ့များက လက်ခံနိုင်သည်၊ မည်သည့်အဖွဲ့များပါမှ လက်မှတ်ရေးထိုးမည် စသည့်အခြေအနေ များကို ဆုံးဖြတ်ချက် တစ်ပါတည်း ရယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

KNU အနေဖြင့် လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြင့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲနိုင်ရေးမှတဆင့် အားလုံး ပါဝင်နိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ စတင်နိုင်ရန် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

အလားတူ (NCA)နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ ထိပ်သီးခေါင်းဆောင်များက သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သြဂုတ်လ ၂၅ရက် နေ့၌ နေပြည်တော်တွင် ထပ်မံ တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။

No comments: